မြန်မာ့ခေါင်းဆောင်နှစ်ဦးကို အီးယူဂုဏ်ပြု

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး အားမာန်နဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲရေး သတ္တိတို့အပေါ် ဥရောပသမဂ္ဂ ( EU ) က ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။

2012.06.16

ငြိမ်းချမ်းရေးနိုဘဲလ်ဆု ချီးမြှင့်ခံခဲ့ရတာ (၂၁)နှစ် ကြာမြင့်ခဲ့ပြီးတဲ့နောက် နော်ဝေနိုင်ငံ အော်စလိုမြို့မှာ နိုဘဲလ်ဆု လက်ခံမိန့်ခွန်း ပြောကြားနိုင်ခဲ့ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အလွန့်အလွန် ပြောင်မြောက်တဲ့စွမ်းဆောင်ချက်တွေနဲ့အတူ သန်းနဲ့ချီတဲ့ လူထုတွေအတွက် မျှော်လင့်ချက်ရောင်ခြည် ပေးနိုင်ခဲ့ပါပြီလို့ အီးယူအကြီးအကဲ မစ္စတာ ဟိုဆေး မဲနူယယ် ဘာရိုဆိုက မနေ့က ပြောကြားလိုက်ပါတယ်။

အလားတူ - မြန်ဆန်လှတဲ့ ပွင့်လင်းမှုနဲ့အတူ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာမယ်လိမ့်မယ်ရယ်လို့ လွန်ခဲ့တဲ့ လေးငါးနှစ်တုန်းက တွေးတောစဉ်းစားလို့ မရနိုင်ခဲ့တဲ့ မြန်မာနိုင်ငံကို ဦးဆောင်ပြောင်းလဲနေတဲ့ သမ္မတ ဦးသိန်းစိန်ဟာလည်း သူရသတ္တိနဲ့ ပြည့်စုံပါပေတယ်လို့ အီးယူအကြီးအကဲက ချီးကျူးပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ရှေ့ကို ဆက်သွားနေမှာဖြစ်တယ်လို့ မိမိတို့မျှော်လင့်ကြောင်း၊ ပြဿနာတွေ နက်ရှိုင်းလှတဲ့ မြန်မာပြည်အတွက် အမျိုးသားပြန် လည် သင့်မြတ်ရေးဟာ အရေးကြီးနေဆဲဖြစ်ကြောင်း၊ အီးယူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် အားပေးထောက်ခံ သွားမှာဖြစ်သလို၊ မြန်မာပြည်ကိုလည်း နိုင် ငံတကာမိသားစုအလယ်မှာ ထိုက်တန်တဲ့နေရာရအောင် ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း၊ အီးယူအကြီးအကဲ မစ္စတာ ဟိုဆေးဘာရိုဆိုက ပြော ကြား လိုက်ပါတယ်။

နိုဘဲလ်ဆုကော်မတီ ဥက္ကဋ္ဌ Mr. Thorbjorn Jagland ကလည်း ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား ခဲ့ရာမှာ တရုတ်ပြည်မှာ အကျဉ်းကျခံနေရတဲ့ ၂၀၁၀ ခုနှစ် ငြိမ်းချမ်းရေးနိုဘဲလ် ဆုရှင် လျူရှောက်ပိုကိုလည်း အော်စလိုကိုလာရောက်ပြီး ဆုလက်ခံနိုင်စေလိုကြောင်း၊ လျူရှောက်ပို အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်လောက် နှစ်ကာလကြာရှည်စောင့်ဆိုင်းရမှာ မဟုတ်ဘူးလို့လည်း မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။