အီးယူ-အာဆီယံ ညှိနှိုင်းရေးမှူးအဖြစ် မြန်မာနိုင်ငံတာဝန်ယူမှာကို အီးယူကန့်ကွက်

၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က ဘရပ်ဆဲလ်မြို့ရှိ EU ရုံးချုပ်မှာ ကျင်းပတဲ့ ဥရောပကောင်စီ ထိပ်သီးအစည်းအဝေးကို တက်ရောက်လာတဲ့ အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell ကို တွေ့ရစဉ်။
၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က ဘရပ်ဆဲလ်မြို့ရှိ EU ရုံးချုပ်မှာ ကျင်းပတဲ့ ဥရောပကောင်စီ ထိပ်သီးအစည်းအဝေးကို တက်ရောက်လာတဲ့ အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell ကို တွေ့ရစဉ်။ (AFP)

၂၇ နိုင်ငံပါတဲ့ အီးယူ-ဥရောပသမဂ္ဂနဲ့ အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများ အသင်း ဆက်ဆံရေးဆိုင်ရာ ညှိနှိုင်းရေးမှူးအဖြစ် မြန်မာနိုင်ငံက တာဝန်ယူမဲ့ ကိစ္စကို အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell က ဇူလိုင် ၁၃ ရက်က ကန့်ကွက်လိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အီးယူက ကန့်ကွက်လိုက်တာပါ။ မြန်မာစစ်ကောင်စီကို အီးယူက အသိအမှတ်မပြုဘဲ ဒီပြဿနာ ကျော်လွှားနိုင်ဖို့ အာဆီယံက အဖြေရှာနိုင်ကောင်း ရှာနိုင်ဖွယ်ရှိပါတယ်လို့ Mr. Borrell က ပြောပါတယ်။

မြန်မာ စစ်ဗိုလ်ချုပ်တွေကို အီးယူက အခုထိ အသိအမှတ်ပြုမထားဘူးလို့လည်း AP သတင်းက ဖော်ပြပါတယ်။

နိုင်ငံခြားရေးဝန်ကြီးတွေက ချက်ချင်းမတုန့်ပြန်ပေမဲ့ အီးယူက ဒီလိုတင်ပြတာမျိုးကို အီးယူ-အာဆီယံ အုပ်စုနှစ်စုရဲ့ ကုန်သွယ်ရေးအားကောင်းရေးနဲ့ ပထဝီ နိုင်ငံရေးမှာ ဘယ်အနှောင့်အယှက်ကိုမဆို တားဆီးဖို့ အာဆီယံတွင်း ဆွေးနွေးခဲ့တယ်လို့ အစည်းအဝေးတက်ရောက်တဲ့ သံတမန်တစ်ယောက်က AP သတင်းကို ပြောပါတယ်။

မြန်မာ့ပြဿနာကို အာဆီယံက ဖြေရှင်းနိုင်တယ်လို့ ယုံကြည်ကြောင်းလည်း Mr.Borrell က ပြောပါတယ်။

ကမ္ဘာ့ပြဿနာတွေ ကျော်လွှားရေးအတွက် အာဆီယံနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်ဖို့ အီးယူရဲ့ ရည်ရွယ်ချက်ကိုလည်း သူက အလေးထား ပြောကြားပါတယ်။

ဇူလိုင် ၁၄ ရက်နေ့မှာ အာဆီယံဒေသရေးရာ ညီလာခံနဲ့ အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီး အစည်းအဝေးကို ကျင်းပပါမယ်။ အာဆီယံနဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်စတဲ့ နိုင်ငံတွေက ကိုယ်စားလှယ်တွေ တက်ရောက်ပါမယ်။

အာဆီယံ ဘုံသဘောတူညီချက်ငါးချက်ကို မလိုက်နာတာကြောင့် မြန်မာစစ်ကောင်စီကိုယ်စားလှယ်တွေကို အာဆီယံအစည်းအဝေး တက်ခွင့်ပေးမထားပါဘူး။