လျှပ်စစ်ကားမရောက်ခင် ကြိုရောင်းရင် ရောင်းခွင့်ပိတ်ပြီး အရေးယူမယ်လို့ စစ်ကောင်စီသတိပေး
2023.07.26
လျှပ်စစ်သုံးယာဉ်တွေကို ပြန်ရောင်းချရာမှာ မော်တော်ယာဉ်မရောက်သေးဘဲ ကြိုတင် (Pre Order နဲ့) ရောင်းချနေတာ တွေ့ရတဲ့အတွက် ဒီလိုရောင်းချရင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ကို ပိတ်သိမ်းတဲ့အထိ အရေးယူမယ်လို့ စစ်ကောင်စီက ဇူလိုင်လ ၂၆ ရက် ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ကားတင်သွင်းဖို့ ကုန်ကျစားရိတ် CIF တန်ဖိုးအပေါ်မှာ အမြတ် ၂၀ ရာခိုင်နှုန်းထက် ပိုတင်မရောင်းဖို့လည်း စစ်ကောင်စီရဲ့ လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနဲ့ တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှု မြှင့်တင်ရေး လုပ်ငန်းကော်မတီက သတိပေးလိုက်တာပါ။
လျှပ်စစ်ကား အပါအဝင် လျှပ်စစ်သုံးယာဉ်တွေကို မရောက်သေးဘဲ ကြိုတင်ရောင်းချတာ မလုပ်ဖို့အပြင် လူမှုကွန်ရက်ပေါ်မှာ မရောင်းချဖို့လည်း ပါဝင်ပါတယ်။
ဒါဟာ ဈေးကွက်အတွင်း ဝယ်လိုအားများတာကို အခွင့်ကောင်းယူတဲ့ လူတန်းစားတစ်ရပ် ရှိနေတဲ့အတွက် ဒီလို ထုတ်ပြန်ချက်တွေ ရှိလာတာလို့ ရန်ကုန်တိုင်း မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (YRAMDA) ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က ပြောပါတယ်။
"Pre Order ကို သိန်းငါးဆယ်၊ တစ်ရာယူထားတဲ့သူရှိသလို တန်ဖိုးတစ်ဝက်လောက် ပေးထားပြီး ကားမအပ်နိုင်တဲ့ သူတွေရှိတယ်။ ကားတင်သွင်းတဲ့ အရေအတွက်ကလည်း အခြေအနေအကြောင်းအမျိုးမျိုးကြောင့် နည်းတယ်။ ဒီဟာကို အခွင့်ကောင်းယူပြီးတော့ တချို့ကုမ္ပဏီတွေ၊ ကားတင်သွင်းတဲ့သူတွေက Pre Order ကောက်တယ်။ တချို့က သူရောင်းပြီးလို့ အဲဒီကတစ်ဆင့် ပြန်ဝယ်ပါလို့ပြောတယ်။ အဲဒီအပေါ်မှာ အကျိုးအမြတ်ယူလာတဲ့ လူတန်းစားတစ်ရပ်လည်း ရှိတာကိုး"
CIF ဆိုတာ အဲဒီလျှပ်စစ်သုံး ယာဉ်တင်သွင်းရာမှာ ကုန်ကျတဲ့ တန်ဖိုး၊ အာမခံနဲ့၊ ပို့ဆောင်ခစရိတ် စုစုပေါင်းကို ဆိုလိုတာဖြစ်ပြီး အဲဒီစရိတ်ရဲ့ ၂၀ ရာခိုင်နှုန်းထက် အမြတ်ပိုမတင်ရဘူးလို့ စစ်ကောင်စီဘက်က ဆိုတာပါ။
အမြတ် ၂၀ ရာခိုင်နှုန်းဟာ လုံလောက်တဲ့ပမာဏဖြစ်ပေမယ့် အဲဒီထက် အမြတ်တင် ရောင်းချမှုတွေ ရှိနေတယ်လို့ ဦးမင်းမင်းမောင်က ပြောပါတယ်။
ဒီသတ်မှတ်ချက်တွေကို မလိုက်နာဘူးဆိုရင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းတာ၊ စားသုံးသူရေးရာဥပဒေနဲ့ အရေးယူတာတွေ လုပ်မယ်လို့ စစ်ကောင်စီက အသိပေးထားပါတယ်။
လျှပ်စစ်ကား (BEV) ဈေးကွက်ထဲမှာ ကားရောင်းချသူတွေအနေနဲ့ ကြိုတင်ငွေယူပြီး ရောင်းချမှုတွေဟာ လက်ရှိအချိန်အထိရှိနေသလို CIF တန်ဖိုးအပေါ် ၂၀ ရာခိုင်နှုန်းသာ အမြတ်ယူရမယ်လို့ သတ်မှတ်ထားပေမယ့်လည်း အဲဒီထက်ကျော်လွန်ပြီး ၅၀ ရာခိုင်နှုန်းလောက်အထိ အမြတ်တင်ရောင်းချတာတွေကို RFA က လေ့လာတွေ့ရှိ ရပါတယ်။
စစ်ကောင်စီကတော့ ဒီလျှပ်စစ်ကားတွေ အပါအဝင် လျှပ်စစ်သုံးယာဉ်တွေ တင်သွင်းရာမှာ ကျသင့်မယ့် အခွန်အခတွေကို ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ကင်းလွတ်ခွင့် ပေးထားပါတယ်။
ဒါပေမဲ့ လျှပ်စစ်ကားတွေရဲ့ ဈေးနှုန်းတွေကတော့ မူရင်းတန်ဖိုးထက် ပြည်တွင်းမှာ အများအပြား ပိုကျသင့်နေတာ ဖြစ်ပါတယ်။