တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလမှာ မီးမပျက်အောင် ဆောင်ရွက်မည်

2018-02-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင် ကို တွေ့ရစဉ်
လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင် ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုစဉ်ကာလမှာ ဓာတ်အားမပြတ်တောက်ရေးအတွက် ဆောင်ရွက်သွားမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က နေပြည်တော်က လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနရဲ့ လစဉ်ပုံမှန် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။

တက္ကသိုလ်ဝင် စာမေးပွဲကာလမှာ မီးအပျက်မခံဘူးလို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင် က အခုလို ပြောပါတယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလအတွင်း မီးမပျက်စေဖို့အတွက် ဓာတ်အားခွဲရုံပေါင်း ၄၀၀ ကျော်နဲ့ မီးပေးမှာဖြစ်ပြီး မီးမရရှိတဲ့ဒေသတွေမှာ အသေးစားရေအားလျှပ်စစ် စက်ရုံ ၃၀ နဲ့ ဒီဇယ်ဓာတ်အားပေးစက် ၆၀၀ ကျော်နဲ့ ဖြန့်ဖြူးပေး မယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးမှာ တက္ကသိုလ်ဝင် စာမေးပွဲစာစစ်ဌာန ၁၁၈၆ ခုရှိပြီး အဲဒီအထဲမှာ လျှပ်စစ်ဓာတ်အား မရရှိသေးတဲ့ စာစစ်ဌာန ၁၉၇ ခုရှိတာဖြစ်ပါတယ်။

လျှပ်စစ်မီး မရသေးတဲ့ စာစစ်ဌာနတွေကို လျှပ်စစ်မီးပေးဖို့နဲ့ စာစစ်ဌာနအားလုံး တက္ကသိုလ်ဝင် စာမေးပွဲကာလမှာ လျှပ်စစ်မီးမပြတ်တောက်စေဖို့အတွက် အရံမီးစက် ၅၈၀ ကျော်ကိုလည်း ထားရှိမယ်လို့ ဦးဌေးအောင်က ပြောပါတယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၇ ရက်ကနေ ၁၆ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိအချိန်မှာ တစ်နိုင်ငံလုံးရဲ့ ၃၈ ရာခိုင်နှုန်းသာ လျှပ်စစ်မီးရရှိနေတာဖြစ်ပြီး ၂၀၃၀ မှာ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိနိုင်ဖို့ စီမံကိန်းချပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့