ထိုင်းဘက် မြန်မာစစ်သားတွေဝင်ရောက်မှု စစ်ဆေးဖို့ ထိုင်းအမတ် တောင်းဆို

Fair Party လွှတ်တော်အမတ် Kannavee Suebsang ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်။
Fair Party လွှတ်တော်အမတ် Kannavee Suebsang ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Kannavee Suebsang Twitter)

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲကို လက်နက်အင်အား အများအပြားနဲ့ မြန်မာစစ်သားတွေ ဖြတ်ကျော်ဝင်ရောက်လာတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ ထိုင်း Fair Party လွှတ်တော်အမတ် Kannavee Suebsang က ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်သား အယောက်တစ်ရာနီးပါး ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတယ်ဆိုတာက နယ်စပ်ရေးရာ ပြဿနာမဟုတ်ဘဲ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့ကိစ္စဖြစ်တယ်လို့ Fair Party လွှတ်တော်အမတ်က ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ မနေ့က ဖော်ပြခဲ့တာပါ။

ဒီသတင်းသာ မှန်ကန်ခဲ့ရင် ဘာတွေဖြစ်ခဲ့သလဲဆိုတာနဲ့ပတ်သက်ပြီး ထိုင်းအစိုးရအနေနဲ့ ပြည်သူကို ရှင်းပြရမယ်လို့လည်း သူက ပြောပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့က ထိုင်းနယ်စပ်ရွာနှစ်ရွာကို ဖြတ်ကျော်ပြီး မြန်မာစစ်သားတစ်ရာနီးပါး ဝင်ရောက်စခန်းချခဲ့တယ်လို့ ထိုင်း-မြန်မာနယ်စပ်က သတင်းတွေကို ကိုးကားပြီး လွှတ်တော်အမတ် Kannavee Suebsang က ပြောပါတယ်။

ထိုင်းဒေသခံတွေက ဒီအကြောင်းနဲ့ ပတ်သက်ပြီး အနီးအနားက ထိုင်းစစ်သားတွေကို အကြောင်းကြားခဲ့ပေမဲ့ တစ်စုံတရာမဆောင်ရွက်ပေးခဲ့ကြောင်း၊ အဲဒီနောက် စက်တင်ဘာလ ၅ ရက်နေ့မှာ ဒီကိစ္စကို လူမှုကွန်ရက်မှာ တင်တော့မှ ထိုင်းစစ်တပ်က မြန်မာစစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ကြား ညှိနှိုင်းပေးခဲ့ကြောင်း သိရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စကြောင့် ထိုင်းအစိုးရက မြန်မာစစ်တပ်ဘက်က ရပ်တည်နေတယ်ဆိုပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ယူဆသွားနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနယ်စပ် အုန်းဖျန်မြို့နယ် လေးတော်ခိုကျေးရွာထဲကိုလည်း မြန်မာစစ်သား အယောက် ၂ဝ နီးပါး ထပ်မံရောက်ရှိလာပြီး စျေးဝင်ဝယ်ပြီးနောက် ပြန်ထွက်သွားတယ်ဆိုတဲ့ သတင်းတွေလည်း ရရှိတယ်လို့ ပြောပါတယ်။

ဒါကြောင့် ထိုင်းကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဒီကိစ္စတွေကို နိုင်ငံတကာဆက်ဆံရေး ကိစ္စရပ်လို့ သဘောထားဖြေရှင်းသင့်တယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။