ချင်းပြည်နယ် ဖလမ်းမြို့နယ် ဖလမ်း - ဟားခါး ကားလမ်းဘေးက အိမ်ခြေ ၄၀ ကျော်ရှိတဲ့ တားလ်ကျေးရွာဟာ သုံးကြိမ်တိုင် မီးရှို့ဖျက်ဆီးခံရပြီး ဘုရားကျောင်းအပါအဝင် အိမ် ခုနစ်လုံးပဲ ကျန်ခဲ့တာကြောင့် ကျေးရွာသားတွေဟာ ယာတောမှာ တဲထိုးပြီး နေထိုင် နေရသလို တချို့ကလည်း ဖလမ်းမြို့ပေါ်မှာ ဖြစ်သလိုနေထိုင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ဖလမ်း - ဟားခါးဘက်ကို တက်လာတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် နေအိမ်တွေ မီးရှို့ခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တားလ်ရွာကို စစ်တပ်က အိမ်မီးရှို့တာ သုံးကြိမ်မြောက်ပေါ့။ အခုက တစ်ရွာလုံးနီးပါး အိမ်တွေကို ရှို့တာ၊ လူနေအိမ် လေးလုံးနဲ့ စာသင်ကျောင်း၊ ဘုရားကျောင်းဝင်းက စာရေးနေအိမ်တစ်လုံး အိမ် ခုနစ်လုံးပဲ ကျန်တော့တယ်။ ကျနော်တို့ကတော့ တချို့က တောင်ယာ အခင်းထဲမှာနေတယ်။ ဖလမ်းမြို့ပေါ်မှာလည်း သူများအိမ်အောက်မှာ အခန်းငှားပြီးတော့ နေကြတယ်၊ ရွာမှာ ဘယ်သူမှ မနေတော့ဘူး။ ရွာမှာနေရင်လည်း စစ်တပ်တွေ ခဏခဏ ဖြတ်သွားလို့ ဒုက္ခရောက်နေကြပါတယ်”
တားလ်ကျေးရွာမှာ စစ်ကောင်စီတပ်က ၂၀၂၁ အောက်တိုဘာ ၁၈ နေ့ အသွားလမ်းမှာ ပထမအကြိမ် နေအိမ် သုံးလုံး၊ ဒုတိယအကြိမ် အပြန်လမ်းမှာ နေအိမ်ကိုးလုံး၊ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့မှာ နေအိမ် ၂၉ လုံး၊ စုစုပေါင်း ၄၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ကြရတာ လို့လည်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့မှာတော့ ကျေးရွာသားတွေဟာ မီးလောင်တဲ့နေအိမ်တွေကို ရှင်းလင်းရေးလုပ်ခဲ့ပြီး လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ဘုရားကျောင်း မှာလည်း ဆုတောင်းဝတ်ပြုတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကောင်စီကတော့ သူတို့စစ်ကြောင်းတွေအနေနဲ့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တာတွေ မလုပ်ဘူးလို့ ငြင်းဆိုထားပါတယ်။
ချင်းပြည်နယ်က မြို့နယ် ကိုးခုမှာ ကျေးရွာပေါင်း ၁၃၀၀ ကျော်ရှိပြီး အဲဒီအထဲက ကျေးရွာပေါင်း ၃၀၀ ကျော်ဟာ အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ စစ်ပွဲတွေကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသတွင်း အရပ်ဘက်အဖွဲ့တွေက ပြောဆိုထားကြပါတယ်။