ဝိုင်းမော်မြို့မှာ KIA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်နေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ နန်ဇော်ယာန်ရွာနားက ကချင်လွတ်မြောက်ရေးတပ်မ တော် (KIA) တပ်ရင်း (၃) စခန်းဘက်ကို စစ်ကောင်စီတပ်နဲ့ လီဆူ ပြည်သူ့စစ်အဖွဲ့တွေ ဇူလိုင်လ ၁၀ ရက် မနေ့ညက စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ တယ်လို့ KIA နဲ့ နီးစပ်သူတွေက ပြောပါတယ်။

နန်ဇော်ယာန်နဲ့ ဂွေရွတ်ယာန်ရွာကြားမှာ အဲဒီစစ်ကြောင်းကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ တာကြောင့် တိုက်ပွဲပြင်းထန်နေသလို ဇူလိုင်လ ၁၁ ရက် ဒီနေ့ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ်နှစ်စင်းနဲ့ပါ လာပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့လည်း မနက် ၁၀ နာရီလောက်ကနေစပြီး နန်ဇော်ယာန်ရွာနားမှာ တိုက်ပွဲဆက်ဖြစ်နေ တာလို့ KIA နဲ့ နီးစပ်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က ညနေပိုင်းကနေ သူတို့ တက်လာလို့ ၅ နာရီလောက်မှာ တိုက်ပွဲဖြစ်တယ်။ အဲမှာ စကစ ဘက်က အကျများတယ်။ ဒီနေ့မနက်လည်း ၁၀ နာရီလောက်ကနေ သူတို့ လက်နက်ကြီးတွေနဲ့ ပြန်ပစ်ပြီး တိုက်ပွဲပြန်ဖြစ်တယ်။ ခုနကတော့ ရဟတ်ယာဉ်နှစ်စင်း နဲ့ လာပစ်သွားတယ်”

ဝိုင်းမော်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ (၅၈) တပ်ရင်းကနေ တိုက်ပွဲဖြစ်တဲ့ရွာဘက်ကို လက်နက်ကြီးနဲ့ ၁၅ ချက်ခန့် ပစ်ခတ်ခဲ့တယ်လို့ ဝိုင်းမော် စစ်ဘေးဒုက္ခသည်စခန်းမှာ ရောက်နေတဲ့ နန်ဇော်ယာန်ရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

နန်ဇော်ယာန်ရွာက ဒေသခံတွေဟာ ၂၀၁၁ ခုနှစ်မှာ တစ်ကျော့ပြန်ဖြစ်ခဲ့တဲ့ ကချင်စစ်ပွဲတွေ ကတည်းက မြို့ပေါ်က စစ်ဘေးဒုက္ခသည် စခန်းတွေကို ထွက်ပြေးနေထိုင်နေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဒေသခံတွေကတော့ ရွာမှာ မရှိကြတော့ဘူး။ ဒါပေမဲ့ ရွာကိုပြန်ပြီး တောင်ယာခုတ် လယ်လုပ်တဲ့ဟာတွေတော့ အိမ်ထောင် ၅၀ လောက်ရှိတယ်။ အခုက ကျနော်တို့အားလုံး လယ်ယာတောင်ယာ လုပ်နေတာတွေ အကုန်လုံး ပစ်ထားပြီး စစ်ဘေးဒုက္ခသည်စခန်း တွေမှာ ပြန်နေနေကြပြီ။ တိုက်ပွဲကတော့ ဖြစ်နေတုန်းပဲ။ ဝိုင်းမော်ကလည်း လက်နက် ကြီးတွေ ပစ်နေတယ်။ ခုနကလည်း ရဟတ်ယာဉ်နှစ်စင်းနဲ့ လာပစ်သွားတယ်”

ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ KIA ရော၊ စစ်ကောင်စီရော နှစ်ဖက်စလုံးက သတင်း တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို RFA အနေနဲ့လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

၂၀၂၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ် အောင်မြေ (၂) ရွာမှာ မူးယစ်ဆေး ဝါး ရောင်းဝယ်သူတွေကို ဖမ်းခေါ်လာတဲ့ KIA တပ်ရင်း (၃) က အရာရှိတစ်ဦး လီဆူ ပြည် သူ့စစ်အဖွဲ့ရဲ့ ပစ်သတ်တာ ခံခဲ့ရပါတယ်။