ကသာမှာ စစ်ကောင်စီကို PDF နဲ့ KIA ပေါင်းတိုက်၊ စစ်သား ၁၀ ယောက်သေဆုံး

2021.05.30
ကသာမှာ စစ်ကောင်စီကို PDF နဲ့ KIA ပေါင်းတိုက်၊ စစ်သား ၁၀ ယောက်သေဆုံး ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်သားတစ်ဦး
Photo- AFP

စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကသာဒေသခုခံကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ ပူးပေါင်းတိုက်ခဲ့တယ်လို့ PDF အဖွဲ့က RFA ကိုပြောပါတယ်။

တိုက်ပွဲတွင်း စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့ ပြီး PDF ဘက်က တစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကသာ-ဗန်းမော် သွားတဲ့လမ်းမပေါ်က မိုးတားနဲ့ ဟဲနားကျေးရွာတွေနားမှာ ဒီကနေ့နေ့ လည်ပိုင်းက တိုက်ပွဲဖြစ်ပွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကသာ PDF အဖွဲ့ဝင် တစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။

“နေ့လယ် (၁) နာရီခွဲလောက်မှာ တိုက်ပွဲစတာ ။ နှစ်ဖက်စလုံးက လက်နက်ကြီးတွေပါတယ် ။ အခု ဟာက ထိပ်တိုက်ကို ရင်ဆိုင်တွေ့ပြီးတိုက်ကြတာဖြစ်ပါတယ် ။ စစ်ကောင်စီဘက်က မဆိုင်တဲ့လူတွေပါ ရမ်းပစ်နေတာပါ ။ ဘေးနားကရွာတွေ ကြောက်နေကြရတယ်"

စစ်ကောင်စီဘက်က အင်အား ၁၀၀ ခန့်နဲ့ တက်လာတာဖြစ်ပြီး ညနေ (၄) နာရီခန့်မှာ ကသာဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့တိုက်ပွဲမှာ ကသာ PDF နဲ့အတူ စစ်ကူတိုက်ပေးခဲ့တဲ့ ကချင်လွတ်မြောက် ရေးတပ်မတော် KIA တပ်မဟာ (၈) ကို အထူးကျေးဇူးတင်ကြောင်း People Defense Force - Katha ဆိုတဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

အဲဒီတိုက်ပွဲမှာ KIA နဲ့ ပူးပေါင်းတိုက်တယ်ဆိုတာကို RFA က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ စစ်ကောင်စီဘက်က သေဆုံးအရေအတွက်နဲ့ ပတ်သက်ပြီး ဒေသခံ ခုခံတပ်ဖွဲ့တွေရဲ့ ပြောဆိုချက်ပဲ RFA က ရရှိထားပြီး စစ်ကောင်စီဘက်က ပြောဆိုချက်ကို မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။

တိုက်ပွဲအခြေကြောင့် ကသာမြို့နယ်အတွင်းက မိုးတားကျေးရွာ ၊ ဟဲနားကျေးရွာ တွေက ပြည်သူတွေဟာ စစ်ကောင်စီဘက်က ပြန်လာတိုက်မှာ စိုးရိမ်နေပြီး တချို့လည်း တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ် ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။