လေးကေ့ကော်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ

ဧပြီလ ၁၀ ရက် မနေ့က တစ်နေကုန်နီးပါးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ဒီနေ့ ဧပြီ ၁၁ ရက် နေ့လယ် ၂ နာရီအထိ ငြိမ်သက်ခဲ့ရာကနေ နေ့လယ် ၂ နာရီ ၁၅ မိနစ်လောက်ကစပြီး လေးကေ့ကော်ဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ စတင်ပစ်ခတ်နေပြီလို့ မြေပြင်မှာ တိုက်ပွဲဝင်နေသူတွေက ပြောပါတယ်။

မနေ့က စစ်တပ်ဘက်ကနေ မြေပြင်ကရော လေကြောင်းကပါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ပေမယ့်လည်း စစ်တပ်ဘက်က ဆုံးရှုံးမှုအများဆုံးလို့ KNU ရဲ့ နိုင်ငံခြား ဆက်သွယ်ရေး တာဝန်ခံ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။

“အဲဒီမှာ စစ်ကြောင်း တစ်ကြောင်းလုံးမှာ အင်အားက သိပ်မများဘူး။ အင်အား ၄၀၊ ၅၀ အဲဒီလောက်ပဲ ရှိတဲ့ဟာက စစ်ကြောင်း တစ်ကြောင်းလုံး ပြုတ်ထွက်သွားတယ်လို့ ပြောလို့ရတာပေါ့နော်။ အဲဒီမှာ စစ်ကြောင်းမှူးလည်း မရှိတော့ဘူး။ ကျနော်တို့ဆီမှာ လက်နက်ချတဲ့ တပ်ခွဲမှူးအဆင့်ပေါ့နော်။ ကြယ်သုံးပွင့်။ ရရှိတဲ့ လက်နက်အရေအတွက် ကတော့ လက်နက်ကြီးငယ်ပေါင်း ကိုးလက် ရှိပါတယ်။ ကျည်ဆန် အမြောက်အမြား၊ ခဲယမ်း အမြောက်အမြား ရရှိပါတယ်။ ကျနော်တို့ဘက်က စစ်သည် နှစ်ယောက်တော့ ကျသွားတယ်လို့ သိရပါတယ်”

စစ်တပ်ဘက်က စစ်ကြောင်းမှူး တပ်ရင်းမှူး ဗိုလ်မှူး သက်နိုင်ဦး ကျသွားတဲ့အပြင် ဖမ်းမိ ထားတဲ့ ဗိုလ်ကြီး တင်လင်းနိုင်ကိုလည်း KNU ရဲ့ စစ်သုံ့ပန်း ဥပဒေကျင့်ဝတ်တွေအတိုင်း ဆောင်ရွက်သွားမယ်လို့ ပဒို စောတောနီးက ပြောပါတယ်။

တပ်မ ၄၄ လက်အောက်ခံ ခမရ ၂၀၇ တပ်ရင်းက စစ်ကြောင်းမှူး ဗိုလ်မှူး သက်နိုင်ဦး ဦးစီးတဲ့ စစ်ကြောင်းက အင်အား ၄၅ ဦးခန့်တို့ဟာ လေးကေ့ကော် မြို့သစ်ထဲ ဧပြီလ ၁၀ ရက်နေ့ မနက် အစောပိုင်း ၂ နာရီလောက်ကတည်းက ဝင်ရောက်ခဲ့တာပါ။

မနက် ၅ နာရီမှာ တိုက်ပွဲစတင်ခဲ့ပြီးနောက် လေးကေ့ကော်အနီး စွယ်တော်ကုန်းနဲ့ လက် ခတ်တောင်ကနေ စစ်ကောင်စီတပ်ဘက်က အမြောက်တွေနဲ့ တရစပ် ပစ်ကူပေးသလို မြေပြင်စစ်ကြောင်းကလည်း ၄၀ မမတွေနဲ့ တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNLA ရဲ့ Cobra Column က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က အလောင်း ၁၂ လောင်းနဲ့ လက်နက် ကိုးလက် အပါအဝင် စစ်သုံး ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ လေးကေ့ကော်မြို့သစ်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားရာမှာ တိုက် လေယာဉ် နှစ်စင်းနဲ့ အနည်းဆုံး ဗုံး ၁၆ ကြိမ် ကြဲချခဲ့တယ်လို့ လေးကေ့ကော်မြို့သစ်ရဲ့ ဥက္ကဋ္ဌ ဖားတရားက ဆိုပါတယ်။

“မြို့တွင်းကို ထိန်းချုပ်နိုင်ဖို့အတွက် သူတို့ မြို့တွင်းကို ဝင်လာတာပေါ့။ မနက် ၂ နာရီက ထိုးစစ်ဆင်မှု စလာတယ်။ မနက် ၅ နာရီလောက်မှာ ထိတွေ့မှုဖြစ်တယ်။ တိုက်ပွဲက တော့ ၁၁ နာရီလောက်မှာ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတယ်။ ၁၁ နာရီကနေ ၂ နာရီ အထိ ကျနော်တို့ဆီ ၁၅ ကြိမ်လောက် လာပြီးဗုံးကြဲသွားတယ်။ တစ်ခါလာရင် နှစ်စင်း ပေါ့။ တော်တော်တော့ ပြင်းထန်တာပေါ့။ သူတို့ရဲ့ ကုန်းတွေကနေလည်း ကျနော်တို့ ဘက်ကို လက်နက်ကြီးတွေ ပစ်ချတယ်။ တစ်ရက်ကို အလုံး ၅၀၊ ၆၀ လောက်တော့ ပစ်ချတယ်။ ညနေ ၅ နာရီဝန်းကျင်လောက်မှာ ရပ်သွားတယ်”

မနေ့က ညဘက်အထိ လေးကေ့ကော်အနီး ရသေ့ဂူဘက်ကို တိုက်လေယာဉ်နဲ့ ဗုံးလာကြဲ ခဲ့လို့ ထီးမဲ့ဝါးခီး၊ ပဟီးကလော်၊ ရသေ့ဂူ၊ ဖလူးကြီး၊ ဖလူးလေးရွာက ရွာသားတွေလည်း စစ်ဘေးရှောင်နေရတယ်လို့လည်း ဖားတရားက ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လေးကေ့ကော်မြို့နယ်တစ်ဝိုက်မှာ ဒေသခံတွေရဲ့ နေအိမ် အလုံး ၃၀ ခန့်နဲ့ စာသင်ကျောင်း တစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ် ငါးလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"တိုက်ပွဲကတော့ ၁၁ နာရီလောက်မှာ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတယ်"

စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ဓာတုဗုံးတွေ သုံးသလားဆိုတာပါ သံသယရှိတယ်လို့ Cobra Column ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုမျိုးသူရကိုကိုက RFA ကို ပြောပါတယ်။

“ခြောက်နာရီနောက်ပိုင်းမှာတော့ သူတို့ နောက်ဆုံးအခေါက်အနေနဲ့ လေယာဉ်နဲ့ လာ ကြဲတယ်။ လာကြဲတဲ့အခါမှာ ဓာတုဗုံးလို့ ယူဆရတဲ့ ဗုံးလည်းကြဲတယ်လို့ ကျနော်တို့ ယူဆတယ်။ ဗုံးကြဲပြီးတဲ့နောက်ပိုင်းမှာ ထူးဆန်းတဲ့ အနံ့တစ်မျိုး ကျနော်တို့ ရရှိတယ်။ တချို့ရဲဘော်တွေက နည်းနည်းမွှေးတယ်လို့ ပြောတယ်။ အဝါရောင်အမှုန့်တွေ လေထု ထဲမှာ ပျံ့လွင့်နေတာကို တွေ့ရတယ်။ ဗုံးကြဲပြီး မကြာခင်မှာပဲ ကျနော်တို့ ရဲဘော်တွေ မူးဝေတဲ့ ဒဏ်လေးကို ခံစားရတာရှိပါတယ်။ ဒီလိုပဲ မနေ့ကည ၁၂ နာရီကျော်လောက်မှာ ဂျက်ဖိုက်တာတစ်စင်း ရောက်လာပြီးတော့ ပထမကြဲသွားတဲ့ နေရာမှာပဲ ထပ်ကြဲတယ်။ အဲဒါ ကင်းချထားတဲ့ ရဲဘော်တွေ ပြောဆိုချက်အရ ဒီအနံ့ရရှိတယ်လို့ သိရပါတယ်”

လေးကေ့ကော်မှာ တိုက်ပွဲအခြေအနေ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဒီနေ့ နေ့လယ် ၃ နာရီအထိ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီနေ့ နေ့လယ် ၂ နာရီ ၁၅ မိနစ်လောက်မှာတော့ လေးကေ့ကော်ဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ စတင်ပစ်ခတ်နေပြီး စစ်ကြောင်းထပ်ထိုးဖို့ ပြင်ဆင်နေပြီလို့ ကိုမျိုးသူရကိုကိုက ပြောပါတယ်။

လေးကေ့ကော်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ၁၅ ရက်နေ့ကတည်းက တိုက်ပွဲတွေ စတင်ဖြစ် ပွားရာ ဒေသခံ တစ်သောင်းနှစ်ထောင်ကျော်ဟာလည်း လေးလကျော်ကြာလာတဲ့အချိန် အထိ စစ်ဘေးဒုက္ခသည်အဖြစ် ထိုင်း -မြန်မာ နယ်စပ်က မြန်မာဘက်ခြမ်းမှာ နေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“လေးကေ့ကော်ဘက်က စစ်ရှောင်က ထိုင်းဘက်ကိုရောက်တာ သိပ်မရှိဘူး။ သူတို့က ထိုင်းနယ်စပ် စစ်ရှောင်စခန်းတွေမှာ အစုအဖွဲ့ ၇ နေရာလောက်နဲ့ပေါ့။ သူတို့ နောက်ဆုံး ကောက်ရတဲ့ စာရင်းအရ တစ်သောင်း နှစ်ထောင်ကျော်ပေါ့။ အစုအဖွဲ့ ၇ နေရာပေါ့။ ထိုင်း-မြန်မာ နယ်စပ်ပေါ့။ သောင်းရင်း မြစ်ဘေးတစ်လျှောက် ဖလူးလေးရွာ အလွန် ကနေ ကျောက်ခက်ရွာဘက်အထိပေါ့။ ကျောက်ခက်တို့၊ ထီပေါပိုးတို့ဘက်အထိပေါ့။ အဲဒါမျိုး ပြန့်ကျဲနေတာပေါ့”

တိုက်ပွဲပြင်းထန်လာလို့ လက်နက်ကြီးသံ၊ အမြောက်ပစ်သံတွေကြားမှ ထိုင်းနိုင်ငံဘက် ခြမ်းကို တက်လို့ရပြီး တိုက်ပွဲငြိမ်တာနဲ့ ထိုင်းအာဏာပိုင်တွေက ချက်ချင်းပြန်လွှတ်တာမို့ မြန်မာစစ်ဘေးဒုက္ခသည်တွေဟာ ထိုင်းဘက်ကမ်းမှာ သိပ်မရှိတော့ဘူးလို့လည်း ပြောပါ တယ်။

laykaykaw-school.jpg
စစ်လေယာဥ်တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် လေးကေ့ကော်မြို့ရှိ စာသင်ကျောင်းအား ၂၀၂၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှာ တွေ့ရစဉ် (Photo: Cobra Column)

သောင်းရင်းမြစ်ကမ်းဘေးမှာ စစ်ဘေးရှောင်နေရသူ ဦးမျက်မှန်ကတော့ သူနေတဲ့နေရာမှာ အိမ်ထောင်စု ၆၀၀၊ လူဦးရေ ၉၀၀ ကျော် ရှိပြီး ထိုင်းနဲ့ မြန်မာဘက်နှစ်ခုစလုံးကနေ သူတို့ဆီကို လမ်းတွေပိတ်ထားလို့ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။

“အခက်အခဲကတော့ အကူအညီကတော့ စားနပ်ရိက္ခာပဲပေါ့နော်။ လက်ရှိကတော့ ထိုင်း နိုင်ငံဘက်ကလည်း လမ်းကြောင်းတွေ ပိတ်ထားတယ်လေ။ မြန်မာဘက်ခြမ်းကလည်း ကျနော်တို့ဆီကို မလာရဲဘူးပေါ့နော်။ မြဝတီဘက်ကလည်း လာလို့မရဘူး။ အစစ်အ ဆေးတွေကလည်း များတဲ့အခါကျတော့ အလှူရှင်တွေက ကျနော်တို့ဘက်ကို မလာနိုင် ဘူး။ ထိုင်းဘက်လည်း လုံးဝပိတ်ထားတယ်။ ပိတ်ထားတော့ ကျနော်တို့ဘက်ကို ရိက္ခာ သယ်ယူဖို့ အခက်အခဲကတော့ အများကြီးရှိတာပေါ့။ ရိက္ခာကတော့ အများကြီး လိုအပ် နေတယ်ပေါ့နော်။ ကျနော်တို့ဆီမှာ ဒီလဆိုရင် တစ်အိမ်ထောင်စုကို တစ်ပြည်၊ နှစ်ပြည် လောက်ပဲ ပေးနိုင်သေးတယ်။ တစ်အိမ်ထောင်စုကိုမှ”

စစ်ပွဲတွေကလည်း လက်နက်ကိုင်အဖွဲ့တွေကြားထဲမှာ တောက်လျှောက်ဖြစ်နေတဲ့အတွက် ဒေသခံတွေမှာ နေရပ်ပြန်ဖို့ လွယ်မှာမဟုတ်သေးဘူးလို့ ဦးမျက်မှန်က ပြောပါတယ်။

တပ်မဟာ ၆ နယ်မြေထဲမှာ KNU ရဲ့ အုပ်ချုပ်ရေးဒေသတွေဖြစ်တဲ့ ကော့ကရိတ်၊ ရေး (ဝင်းမရေး) နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တို့မှာ တိုက်ပွဲတွေက နေ့စဉ်လိုလိုဖြစ်နေပြီး လက်ရှိအခြေအနေအရလည်း တိုက်ပွဲတွေ ပိုပြင်းထန်လာဖို့ရှိတယ်လို့ KNU ဘက်က တာဝန်ရှိသူတွေက ပြောပါတယ်။

လေးကေ့ကော်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန် တာ မရှိသေးသလို အထိအခိုက် အကျအဆုံးများနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။