ဦးမင်းသူ အပါအဝင် သုံးဦး ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲခံရ

2021-03-08
Share
ဦးမင်းသူ အပါအဝင် သုံးဦး ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲခံရ နေပြည်တော်နယ်မြေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဦးမင်းသူ ကို တွေ့ရစဉ်
Photo: Ko Min Thu's FB

နေပြည်တော် အကျဥ်းထောင်ကြီးမှာ အဖမ်းခံထားရတဲ့ နေပြည်တော်ကောင်စီနယ်မြေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းသူနဲ့အတူ လွှတ်တော်အမတ်နှစ်ဦးကို ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ယမန်နှစ်ပတ်ယူ ထပ်ချုပ်ပြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

နေပြည်တော် အကျဥ်းထောင်ကြီးမှာ အဖမ်းခံထားရသူတွေကတော့ နေပြည်တော်ကောင်စီနယ်မြေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမင်းသူ၊ ဥတ္တရီသီရိမြို့နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင် နဲ့ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း တို့ ဖြစ်ပါတယ်။

သူတို့အားလုံးကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖေါ်ဝါရီလလယ်နဲ့ မတ်လဆန်းပိုင်းမှာ စစ်ကောင်စီက ရှေ့ဆင့်နောက်ဆင့် ဖမ်းဆီးခဲ့ပြီး၊ အခင်းဖြစ်ဖြစ်ချင်းမှာ မိသားစုနဲ့ အဆက်အသွယ်မရခဲ့ပါဘူး။

ဒီကနေ့ မတ်လ ၈ ရက်နေ့မှာတော့ ဦးမင်းသူ၊ ဦးကျော်မင်းလှိုင်နဲ့ ဦးသန့်ဇင်ထွန်း တို့ သုံးဦးကို နေပြည်တော် အကျဥ်းထောင်ကြီးမှာ ဖမ်းထားကြောင်း၊ အစားအသောက်နဲ့ လိုအပ်တဲ့ပစ္စည်းတချို့ ပေးချင်တယ်ဆိုရင် အကျဥ်းထောင်ကို သွားရောက်ပေးနိုင်ကြောင်း ဥတ္တရသီရိရဲစခန်းက မိသားစု၀င်တွေထံ အကြောင်းကြားခဲ့ တယ်လို့ ဦးသန့်ဇင်ထွန်းရဲ့ ဇနီးက RFA ကို ပြောပါတယ်။

သူတို့ သုံးဦးစလုံးကို ပုဒ်မ ၅၀၅ (က)၊ တပ်မတော်ကို အကြည်ညိုပျက်စေမှုနဲ့ တရားစွဲထားပြီး ဘယ်တရားရုံး မှာ ရုံးထုတ်မယ်ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ ဦးသန့်ဇင်ထွန်းရဲ့ ဇနီးက ပြောပါတယ်။

အခုချိန်ထိ သူတို့ဘက်ကနေ ခုခံချေပပေးမယ့် ရှေ့နေလည်း မငှားရမ်းရသေးတာကြောင့် အကူအညီ လိုအပ်နေကြောင်းလည်း မိသားစုဝင်တွေက RFA ကို အသီးသီးပြောပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့