စည်းကမ်းမဲ့ မြစ်သဲကျောက်တွေ တရားလွန်ထုတ်လုပ်နေမှုကြောင့် ပြည် ပန်းတောင်း၊ ရွှေတောင်မြို့နယ်ထဲက ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေ စားဝတ်နေရေး အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတဲ့အတွက် အစိုးရနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အမြန်ဆုံးဖြေရှင်းပေးဖို့ ဒီနေ့ ဧရာဝတီမြစ်ထဲမှာ ရေလုပ်သား ၃၀၀ လောက် ဆန္ဒပြခဲ့ကြပါတယ်။
မြစ်သဲကျောက် ထုတ်လုပ်ခွင့်ရရှိထားတဲ့ ကုမ္ပဏီတွေ အနေနဲ့ ရေအရင်းမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးရေး ဦးစီးဌာနက ချပေးထားတဲ့ သတ်မှတ်နေရာမှာ မထုတ်ဘဲ စည်းကမ်းမဲ့ မြစ်သဲကျောက်တွေ ထုတ်လုပ်တဲ့အတွက် မြေနုကျွန်းတွေပေါ်မှာ စိုက်ပျိုးရေး လုပ်နေတဲ့ဒေသခံတွေ၊ ရေလုပ်သားတွေဟာ သားငါးရှာလို့ မရတော့တဲ့အတွက် စီးပွားရေး၊ ကျန်းမာရေး အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဦးသိန်းဆွေက ပြောပါတယ်။
စည်းကမ်းမဲ့ထုတ်လုပ်တဲ့အတွက် ဧရာဝတီမြစ်အတွင်း ရေကြောင်းပြောင်းလဲမှုတွေ၊ မြေနုကျွန်းတွေ ပျောက်ကွယ်မယ့် အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။
စားဝတ်နေရေးအလွန် ခက်ခဲလာတဲ့အတွက် ဆန္ဒထုတ်ဖော်ရတာဖြစ်ပြီး အစိုးရနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ စည်းကမ်းမြစ်သဲကျောက်ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေကို ကြပ်မတ်ပေးဖို့၊ တရားဥပဒေစိုးမိုးမှုရရှိအောင် လုပ်ဆောင်ပေးဖို့၊ ဧရာဝတီကို ကာကွယ်ပေးဖို့ စတဲ့ပိုစတာတွေ၊ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အစိုးရအနေနဲ့ အမြန်ဆုံးမထိန်းချုပ်ဘူးဆိုရင် ဆန္ဒပြပွဲတွေကို ဆက်တိုက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့လိုက်တာပါ။