ငါးဖမ်းစက်လှေတွေ စည်းကမ်းဖေါက်မှု တိုင်ကြားနိုင်ပြီ


2016.07.21
fishing-boat-620.jpg မြစ်လယ်မှာ ကျောက်ချထားတဲ့ ငါးဖမ်းသဘောၤနှစ်စင်းကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

တနင်္သာရီကမ်းရိုးတန်း ကမ်းနီးဒေသတွေမှာ ကမ်းဝေးငါးဖမ်းစက်လှေကြီးတွေ ဝင်ရောက်ဖမ်းဆီးနေတာတွေ့ရှိရင် တနင်္သာရီရေတပ်ဌာနချုပ်နဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တွေကို တိုင်ကြားနိုင်တယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ က ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ကျွန်းစုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင် က ကမ်းဝေးငါးဖမ်းလှေတွေ ကမ်းနီးရေပြင်မှာ ဝင်ရောက်ငါးဖမ်းနေတာကို ထိရောက်စွာအရေးယူဖို့ အစီစဉ်ရှိ မရှိ မေးမြန်းလို့ တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြန်လည်ဖြေကြား ခဲ့တာဖြစ်ပါတယ်။

"ကမ်းဝေးငါးဖမ်းလှေတွေ ကမ်းနီးရေပြင်ထဲကို ဝင်ရောက်ပြီးတော့ ငါးဖမ်းဆီးတာကို သိရှိတယ်ဆိုလို့ရှိရင် တနင်္သာရီရေတပ်ဌာနချုပ်ကိုလည်း ဆက်သွယ်ပြီးတော့ ဖမ်းဆီးမှုကို တားဆီးနိုင်ရေးအတွက် သူတို့ ကြိုတင်ဆောင်ရွက်ထားတယ်၊ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ကိုလည်း ဖုန်းသတင်းနဲ့ ဆက်သွယ်ပြီးတော့ ဖမ်းဆီးမှုကို တားဆီးနိုင်ရေးအတွက် သူတို့ဆောင်ရွက်ထားရှိပါတယ်လို့ ကျနော်တို့ကိုပြောတယ်ဗျ"

ကျွန်းစုမြို့နယ်မှာ ကမ်းဝေး ငါးဖမ်းလှေကြီးတွေဟာ  ကမ်းနီးရေပြင် သတ်မှတ်နယ်နိမိတ်အတွင်းကို ဝင်ရောက်ဖမ်းဆီးနေတာကြောင့် ဒေသံကျေးရွာသားတွေအတွက် အခက်အခဲဖြစ်နေကြရပါတယ်။

ကမ်းဝေးငါးဖမ်းလှေကြီးတွေ ကမ်းနီးကို ငါးဝင်ရောက်ဖမ်းဆီးပါက ပထမအကြိမ် ငွေကျပ်သိန်း ၃၀ နဲ့ လှေကို ငါးဖမ်းခွင့် ၃ လ ပိတ်ထားပြီး ဒုတိယအကြိမ် ကျူးလွန်ပါက ဒဏ်ငွေ သိန်း ၆၀ နဲ့ ငါးဖမ်းခွင့် ၆လ ပိတ်ထား မှာဖြစ်ပါတယ်။

တတိယအကြိမ် ထပ်မံကျူးလွန်ပါက ငါးဖမ်းလှေကို ပြည်သူပိုင်သိမ်းဆည်သွားဖို့ ကမ်းနီးကမ်းဝေး ငါးဖမ်းဥပဒေမှာ ပါရှိပါတယ်။

၂၀၁၅-၂၀၁၆ ခုနှစ်မှာ ကမ်းနီးဝင်ရောက်ငါးဖမ်းဆီးတဲ့ ကမ်းဝေးငါးဖမ်းလှေ ၃၆ စီးနဲ့ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ လှေ ၉ စီးကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဝန်ကြီးက ဖြေကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။