စစ်တပ်ကအာဏာသိမ်းထားတာ အချိန် ၃ လတိတိပြည့်ခဲ့ပြီးနောက် ဆန္ဒပြသူတွေဟာ နွေဦးတော်လှန်ရေး ဒုတိယလှိုင်းလို့ ခေါင်းစဉ်တပ်ပြီး နိုင်ငံတဝန်း လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေ တဖန်အရှိန်တိုးမြှင့် လုပ်ဆောင် လာသလို စစ်ကောင်စီဘက်ကလည်း ဆန္ဒပြတဲ့သူတွေကို ဆက်တိုက်ပစ်ခတ်ဖြိုခွဲမှုတွေ ထပ်လုပ်လာပါတယ်။
စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်မှုကြောင့် စစ်ကိုင်းတိုင်း ဝက်လက်မြို့က လူ နှစ်ဦး၊ ကချင်ပြည်နယ် လုံးခင်းမြို့က တစ်ဦး၊ ရှမ်းပြည်နယ် သီပေါနဲ့ နောင်ချိုက တစ်ဦးစီ စုစုပေါင်း လူ ငါးဦးထက်မနည်း ဒီကနေ့ တစ်ရက်တည်းမှာတင် ထပ်မံသေဆုံးခဲ့ရသလို ဖမ်းဆီးခံရသူတွေလည်း အများအပြားရှိခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ ဒီနေ့မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်း ကို စစ်တပ်နဲ့ရဲတွေက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် သပိတ်စစ်ကြောင်းမှာ ပါဝင်သူ နှစ်ဦး သေဆုံး ပြီး ငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတွေက ပြောပါတယ်။
ကနဦး ထိခိုက်ဒဏ်ရာရသူ ခုနစ်ဦးရှိခဲ့ရာကနေ အဲဒီအထဲက ဒဏ်ရာပြင်းထန်သူ နှစ်ဦး သေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။
“ဝက်လက်မြို့နယ်မှာ ဒီနေ့မနက် ဆန္ဒပြသပိတ်စထွက်တဲ့အချိန်မှာပဲ ကျွန်တော်တို့ လူထုနဲ့ စစ်ကောင်စီ တို့အကြား အခန့်မသင့်လို့ စပြီးပြဿနာတက်ရာကနေ စပြီးပစ်တော့တာပဲ။ ဆန္ဒပြသူတွေဘက်က ခုနစ်ယောက် ဒဏ်ရာရတယ်။ အဲဒီထဲက ရင်ဘက်တည့်တည့် ကျည်မှန်သူ နှစ်ဦးကတော့ အခုပဲ သေဆုံးသွားပြီလို့ အကြောင်းပြန်လာတယ်”
ဝက်လက်မှာ စစ်ကောင်စီတပ်တွေရဲ့ နှိမ်နင်းမှုတွေကြောင့် ဆန္ဒပြပွဲတွေကို အချိန် ၁ ပတ်ကျော်လောက် ရပ်နားထားရာကနေ ဒီနေ့ ဆန္ဒပြပွဲ ပြန်စခဲ့တာဖြစ်သလို ပစ်ခတ်ဖြိုခွင်းခံရလို့ လူသေဆုံးမှုတွေကလည်း ဒီနေ့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းက ရွှေဘိုနဲ့ မုံရွာမြို့တွေမှာဆိုရင်လည်း ဒီနေ့မနက်က သပိတ်စစ်ကြောင်းတွေကို စစ်တပ်နဲ့ရဲက ဖြိုခွင်းပြီး ဆရာမတွေ အပါအဝင် ဆန္ဒပြပြည်သူ လူ ခုနစ်ဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဘိုမြို့မှာတော့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေကို ကားနဲ့တိုက်ပြီး ဖမ်းဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
“ဒီနေ့မနက် ၆ နာရီလောက်မှာ ပင်မသပိတ်စစ်ကြောင်း ဖြိုခွင်းခံရလို့ ကျောင်းဆရာမ သုံးဦး ဖမ်းဆီးခံရတယ်။ ဆိုင်ကယ်တွေကိုလည်း ယူသွားတယ်။ ကျွန်တော့် ဆိုင်ကယ်လည်း ပါသွားတယ်။ မြို့မဈေးရှေ့မှာ စစ်သုံးကားနဲ့ဝင်တိုက်ပြီးဖမ်းတာ လူတစ်ယောက် ကားတိုက်ခံရတယ်။ သူတို့ဘက်က လုံခြုံရေးတွေကတော့ တစ်မြို့လုံးကိုလှည့်ပတ်ပြီး သွားလာနေကြတာ”
ရွှေဘိုမြို့က သပိတ်စစ်ကြောင်းမှာ ပါဝင်သူ လေးဦး ဖမ်းဆီးခံခဲ့ရသလို မုံရွာမြို့မှာလည်း အာသောက ဘုန်းကြီးကျောင်းအနီးမှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြခဲ့တဲ့ သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက ဖြိုခွင်းခဲ့ပြီး ဆန္ဒပြရာမှာပါဝင်သူ သုံးယောက်ထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်ဘက်မှာဆိုရင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်နေတဲ့ လုံးခင်းက သပိတ်စစ်ကြောင်းနဲ့ မှော်ဝမ်းကသပိတ်စစ်ကြောင်းနှစ်ခု ဒီနေ့ ပူးပေါင်းချီတက်ဖို့ လုပ်ဆောင်နေချိန်မှာပဲ စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းခဲ့တယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေက ပြောပါတယ်။
စစ်တပ်နဲ့ရဲရဲ့ ဖြိုခွင်းပစ်ခတ်မှုကြောင့် လုံးခင်းသပိတ်စစ်ကြောင်းမှာ လိုက်ပါသူ တစ်ဦး လည်ပင်းသေနတ် ကျည်ထိမှန် သေဆုံးပြီး နောက်ထပ် ခုနစ်ဦးဒဏ်ရာ ရခဲ့တယ်လို့ပြောပါတယ်။ အလားတူ မှော်ဝမ်း သပိတ် စစ်ကြောင်းမှာ ပါဝင်တဲ့သူ လေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်နဲ့ရဲက နေရာ ၃ ခုကနေ ညှပ်ပြီးပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သပိတ်စစ် ကြောင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
“လုံးခင်းစစ်ကြောင်းနဲ့ ကျွန်တော်တို့ မှော်ဝမ်းစစ်ကြောင်းနဲ့ ပူးပေါင်းဖို့အတွက် ဆုံမှတ်နေရာကို ရောက်လာတဲ့ တစ်ချိန်တည်းမှာပဲ သူတို့က အထက်ဘက်ကနေ ဝိုင်းပစ်လိုက်ကြတာ။ အရှေ့အနောက်နဲ့ဘေးရယ် နေရာ ၃ ဘက်က ညှပ်ပြီးတော့ အပစ်ခံရတဲ့အခါမှာ လူတွေကလည်း ဝရုန်းသုန်းကားနဲ့ ပြေးကြရတာပေါ့။ သပိတ်ကလည်း ပိတ်ချိန်တောင်မရောက်လိုက်ဘဲနဲ့ အကုန်လုံး တပ်ခေါက်ရတာပေါ့။ သူတို့က အပေါ်စီးကနေပစ်တဲ့အခါကျတော့ သူတို့ပစ်တဲ့နေရာကိုတောင် ကောင်းကောင်းရှာလို့ မရဘူး။ ဝရုန်းသုန်းကား ထွက်ပြေးရတဲ့အချိန်မှာ ပြေးလွှားရင်း သူတို့သတ်ကွင်းထဲ ရောက်သွားတဲ့အချိန်မှာ ထိခိုက်တာတွေဖြစ်သွားတာ”
သပိတ်စစ်ကြောင်းနှစ်ခု ပစ်ခတ်ဖြိုခွင်းခံခဲ့ရပေမယ့် ဆန္ဒပြတာကိုတော့ ဆက်လုပ်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။
ရှမ်ပြည်နယ်မြာက်ပိုင်း သီပေါမြို့မှာလည်း ဒီကနေ့ မေလ ၂ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ဖြိုခွင်းပစ်ခတ်ခံရလို့ သီပေါမြို့ မြန်မာရပ်ကွက်က အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသား တစ်ဦး ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အုတ်ကျင်းရပ်ကွက်က အသက် နှစ်ဆယ်ဝန်းကျင် အမျိုးသား တစ်ဦးဟာလည်း ခြေထောက်မှာ ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သီပေါမြို့ခံတစ်ဦးက ပြောပါတယ်။
“သူတို့က သပိတ်စစ်ကြောင်းကို ဖြိုခွင်းတယ်ပေါ့နော်။ ဖြိုခွင်းပြီးတော့ ဘုရားကြီးမှာ ပစ်ခတ်မှုဖြစ် တယ်ပေါ့။ ပစ်ခတ်မှုဖြစ်တဲ့အချိန်မှာ သေဆုံးသွားတာက အစ္စလာမ်ဘာသာဝင် ကောင်လေးပေါ့။ အသက်ကတော့ ၁၈၊ ၂၀ ဝန်းကျင်လောက်ရှိတယ်။ နဖူးကိုကျည်ထိပြီးတော့ ဆုံးသွားတာပေါ့။ နောက်တစ်ယောက်ကတော့ ပေါင်မှာဒဏ်ရာရတာ။ ဖမ်းဆီးခံရတဲ့လူတွေလည်း ရှိတယ်လို့ပြောတယ်”
ပစ်ခတ်ဖြိုခွဲမှုကြောင့် ဒဏ်ရာရရှိသူတွေရှိသလို ဖမ်းဆီးခံရသူတွေလည်း ရှိနေပြီး အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
နောင်ချိုမြို့မှာလည်း ဒီကနေ့ မေလ ၂ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် စစ်ကြောင်းတစ်ခုကို ကားနဲ့ဝင်တိုက်ပြီး ဖြိုခွင်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လမ်းဆုံတွေမှာ အသင့်နေရာယူထားတဲ့ စစ်တပ်နဲ့ရဲက ဆန္ဒပြပြည်သူတွေကို ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာ ကြောင့် အသက်ကြီးပိုင်းအရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့ရသလို နောက်ထပ်အမျိုးသား တစ်ဦးမှာ ဆိုရင်လည်း ခြောက်ထောက်မှာ ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောင်ချိုဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တစ်ယောက် ဆုံးတယ်။ နာမည်တွေဘာတွေတော့ မသိရသေးဘူး။ ဒီမနက်က ဆန္ဒပြရင်းနဲ့ သူတို့က ကားနဲ့ဝင်လာပြီး ဖြိုခွင်းတာပေါ့ဗျာ။ နောက်တစ်ယောက်ကလည်း ခြေထောက်ထိတယ်လို့ ပြောတယ်။ အသေးစိတ် မသိရသေးဘူး။ ပစ်ခတ်တာကတော့ အချက် ၁၀၀ ကျော်လောက်ရှိတယ်”
အခြားထိခိုက်ဒဏ်ရာရသူတွေ ရှိနေသေးပေမယ့် အရေအတွက် အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေး ဘူးလို့ အဲဒီဒေသခံက ပြောပါတယ်။ ဒါ့အပြင် သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ ဒေသခံ လေးဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့လည်း ဆိုပါတယ်။
ကျောက်မဲမြို့မှာတော့ ဒီမနက် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် သောင်းနဲ့ချီတဲ့ ဒေသခံတွေက ဆိုင်ကယ်သပိတ်၊ လမ်းလျှေက်သပိတ်တွေ ပြုလုပ်ခဲ့တာမှာ စစ်ကောင်စီရဲ့ သတင်းပေးအဖွဲ့ဝင် နှစ်ဦးက ဆိုင်ကယ်သပိတ်လမ်းကြောင်းနဲ့အတူ လိုက်လာပြီးနောက် ဆန္ဒပြသူတွေက သူတို့ရဲ့ဆိုင်ကယ် ၂ စီးကို သိမ်းယူပြီး မီးရှို့လိုက်တယ်လို့ ကျောက်မဲ ဒေသခံတစ်ဦးက ပြောပါတယ်။
လားရှိုးမြို့မှာ ဒီမနက်က စစ်အာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်လောက်သာရှိခဲ့ပြီး နေရာအတော် များများမှာ လက်လုပ်မိုင်းတွေ ကွဲခဲ့ပါတယ်။ လားရှိုးမြို့ ရပ်ကွက် ၂ ရပ်ကွက် ၁၀ လမ်းကြားတွေ အပါအဝင် နေရာ ငါးခုလောက်မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့တာဖြစ်ပြီး လူထိခိုက်တာတော့ မရှိပါဘူး။
ကွတ်ခိုင်မြို့မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ တရုတ်နယ် စပ် မူဆယ်မြို့မှာလည်း တစ်ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးသပိတ်အနေနဲ့ ဆန္ဒပြချီတက်ခဲ့ကြပါတယ်။
ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နမ့်ဆန်မြို့နယ်မှာ လူဦးရေငါးရာလောက် ဆန္ဒပြချီတက်လာတာကို စစ်တပ်နဲ့ရဲက တားမြစ်ပြီး ဖမ်းဆီးခဲ့တာကြောင့် ဆရာတော်တွေက ပြန်လွှတ်ပေးဖို့ သွားရောက်တောင်း ဆိုတာမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ နမ့်ဆန်ဒေသခံက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ ကွတ်ခိုင်မြို့တွေမှာ ဖေဖော်ဝါရီလကတည်းက ဒီကနေ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ နေ့စဉ်လိုလိုရှိနေတာပါ။ ဆန္ဒပြမှုတွေ အပါအဝင် နိုင်ငံရေးသမားတွေ ဖမ်းဆီးခံရမှုလည်းရှိခဲ့ပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ ဖေဖော်ဝါရီလကနေ ဧပြီလအထိ စစ်ကောင်စီကမှုဖွင့်ထားသူ ၁၃၀ ကျော်ရှိပြီး ဖမ်းဆီးခံရသူလည်း ၆၀ ကျော်ရှိသွားပြီလို့ စာရင်းပြုစုထားတဲ့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်မြို့မှာလည်း အခြားမြို့တွေနည်းတူ ဆန္ဒပြသပိတ်စစ်ကြောင်းတွေ ဖြိုခွင်းခံရတာတွေရှိသလို ပေါက်ကွဲမှုတွေလည်း ရှိခဲ့ပါတယ်။
စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းနဲ့ ဗားကရာလမ်းထောင့်နားမှာ ဒီနေ့မနက်က ပေါက်ကွဲမှုတစ်ခုဖြစ် ပွားခဲ့ပြီး အနီးမှာရှိတဲ့ တိုက်ခန်းတွေပါ တုန်ခါသွားခဲ့တယ်လို့ အနီးပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ဒေသခံတွေက ပြောကြပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးတင်းကျပ်ထားပြီး အဲဒီပတ်ဝန်းကျင် မှာရှိနေတဲ့ အင်္ကျီအနက်ဝတ်ဆင်ထားတဲ့ ပြည်သူ လေးဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လှိုင်မြို့နယ်မှာတော့ ဒီနေ့မနက်က လူငယ်တွေစုပေါင်းပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြရာမှာ ရဲတွေက လာရောက်ဖြိုခွင်းခဲ့လို့ လူစုခွဲလိုက်ရသလို ဆန္ဒပြရာမှာပါဝင်တဲ့ လူသုံးဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ အင်းစိန်မြို့နယ်မှာလည်း ဒီနေ့ နေ့လယ်ပိုင်းက အင်းစိန် ကညန မှတ်တိုင်အနီးမှာ မြို့နယ် အထွေေထွေ သပိတ်စစ်ကြောင်းထွက်ဖို့ လူစုနေစဉ်မှာပဲ စစ်တပ်နဲ့ရဲတွေက လာရောက်ဖြိုခွင်းခဲ့ပြီးနောက် လူငယ် ရှစ်ဦးခန့်ကို ဖဖ်းဆီးသွားခဲ့တယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေက ပြောပါတယ်။
မန္တလေးမြို့မှာလည်း ပင်မသပိတ်စစ်ကြောင်းက ဆန္ဒပြဖို့ လူစုနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားအလုံးအရင်းနဲ့ လာရောက်ဖြိုခွင်းခဲ့ပါတယ်။
မန္တလေးမြို့မှာ ဒီနေ့မနက် ၇ နာရီလောက်ကစတင်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ အင်အား ၃၀ လောက်ဟာ လက်နက်အပြည့်အစုံနဲ့ မြို့တွင်းလှည်လည့်နေကြတာကို တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို လက်လုပ်တူးမီးသေနတ်တွေနဲ့ တော်လှန်တိုက်ခိုက်နေတဲ့ ချင်းပြည်နယ်မှာ မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား ထိတွေ့တိုက်ခိုက်မှုဖြစ်ပြီးနောက်ပိုင်း မတူပီမြို့က လူငယ်တွေပါ တော်လှန်ရေးလုပ်မယ်လို့ သတင်းတွေရလို့ဆိုပြီး စစ်သုံးရဟတ်ယာဉ် ၂ စီး အပါအဝင် စစ်တပ်တွေက လုံခြုံရေးယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတူပီမြို့ထဲကို ဝင်ထွက်သွားလာနေတဲ့ လမ်းတွေမှန်သမျှမှာ စစ်တပ်တွေ စောင့်ကြပ်နေပြီး သွားလာ ဖြတ်သန်းခွင့်တွေတောင် မပြုထားကြတာကြောင့် ပြည်သူတွေ သွားလာဖို့ အခက်ခဲဖြစ်နေကြပါတယ်။
ဒါ့အပြင် ညနေ ၆ နာရီအထိပဲ အပြင်ထွက်ခွင့်ပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းတာ၊ ဖမ်းဆီးတာတွေရှိနေပေမယ့် တစ်နိုင်ငံလုံးမှာ ဆန္ဒပြပွဲတွေက ရပ်မသွားဘဲ နည်းလမ်းအမျိုးမျိုးနဲ့ ဆက်လုပ်နေကြတာပါ။
RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ ဒီနေ့ထိ လူပေါင်း ၇၅၀ ကျော် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ ဖမ်းဆီးခံထားရသူပေါင်းဟာ လူပေါင်း ၃၅၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။