ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရပြီးနောက် စစ်ရေယာဉ်ပေါ်မှာ ညှဥ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ဒေသခံ ငါးဦးကို စစ်တွေခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ဇူလိုင်လ ၆ ရက် ဒီနေ့မှာ ထောင်ဒဏ် သုံးနှစ်စီ ချမှတ်လိုက်တယ်လို့ သူတို့ရဲ့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာက ကိုမောင်ဌေးဝင်း၊ ကိုညီညီအောင်၊ ကိုမျိုးလင်းဦး တို့ အပါအဝင် ပုဏ္ဏားကျွန်းမြို့ပေါ် အလယ်စုရပ်ကွက်က ဦးမင်းစိုးနဲ့ မြောက်ဦးမြို့နယ် ဇီးပင်ကြီးကျေးရွာက ကိုကျော်ဝင်းဟိန်းတို့ ထောင်ဒဏ်ချမှတ်ခံလိုက်ရတာပါ။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က) နဲ့ ထောင်ဒဏ်ချမှတ်ခံလိုက်ရတာ ဖြစ်ပြီး ချုပ်ရက်ပါခံစားခွင့်ရတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က RFA ကို ပြောပါတယ်။
"အကြမ်းဖက်ဥပဒေပုဒ်မ - ၅၂ (က) နဲ့ တစ်ယောက်ကို သုံးနှစ်စီ ချလိုက်တယ်။ ချုပ်ရက်ပါ ခံစားခွင့်ရတယ်။ ၅၂ (က) က ထောင်ဒဏ် သုံးနှစ်ကနေ ခုနစ်နှစ်အထိ ချနိုင်တယ်။ အခု အနိမ့်ဆုံးပြစ်ဒဏ် ချလိုက်တာပေါ့။ အယူခံ ဆက်တက်မလား၊ မတက်တော့ဘူးလားဆိုတာတော့ မိသားစုနဲ့ မတိုင်ပင်ရသေးဘူး"
သူတို့ ငါးဦးဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီလကတည်းက ဖမ်းဆီးခံခဲ့ရတာပါ။ ဖမ်းဆီးပြီး နောက် စစ်ရေယာဉ်ပေါ်မှာလည်း စစ်သားတွေရဲ့ ဝိုင်းဝန်းနှိပ်စက်ခဲ့ခြင်းကိုလည်း ခံခဲ့ရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀ (ည)၊ ၅၂ (က) တို့နဲ့ ခလရ - ၅၅၀ တပ်ရင်းက ဗိုလ်ကြီး တင့်နိုင်ထွန်းက တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်နဲ့ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံရသူ ၁၉ ဦးအထိ ရှိသွားပြီဖြစ်ပြီး ဖမ်းဆီးတရားစွဲခံထားရသူကတော့ ၅၂ ဦး ကျန်ရှိနေသေးတယ်လို့ ရခိုင်အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။