ကြူကုတ်မြို့နယ် မုံးပေါ်ရွာအနီး ရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦး သတ်ဖြတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကြူကုတ်(ပန်ဆိုင်း)မြို့နယ်ခွဲ မုံးပေါ်ကျေးရွာ ရင်ခွဲတောင်အနီးမှာ ဦးခေါင်း သေနတ် ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် အလောင်း ငါးလောင်းကို မတ်လ ၃၁ ရက် မနေ့ ညနေ ပိုင်းမှာ ဒေသခံတွေက တွေ့ရှိခဲ့ပါတယ်။

မူဆယ် (၁၀၅) မိုင် ပါရမီ လူမှုကူညီရေးအသင်းတာဝန်ခံ ဦးကျော်သန်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကို ဒီမနက်မှာပဲ သွားရောက်သယ်ဆောင်ပြီး မူဆယ်ဆေးရုံကို ပို့ပေးခဲ့တယ်လို့ RFA ကို ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်ငါးဦးဟာ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ ညနေပိုင်းကတည်းက မြန်မာ - တရုတ်နယ်စပ် ကျင်စန်းကျော့ ကုန်သွယ်ရေး ဂိတ်အနီးမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူအားလုံးရဲ့ ဦးခေါင်းမှာ ဒဏ်ရာတွေ တွေ့ရပြီး ခြေထောက်နဲ့ လက်တွေမှာ သုံးယောက် တစ်တွဲ နှစ်ယောက်တစ်တွဲ လက်ထိတ်ခတ်ထားတာ တွေ့ရတယ်လို့ ဦးကျော်သန်းက ပြော ပါတယ်။

သေဆုံးတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ မူဆယ်ခရိုင် ရဲတပ်ဖွဲ့ရုံးက နှစ်ဦး၊ နယ်စပ်ကုန်သွယ်ရေးဂိတ် တာဝန်ကျသူ နှစ်ဦးနဲ့ မင်္ဂလာ မူဆယ်စင်တာမှာ တာဝန်ကျတဲ့သူတစ်ဦး ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်ဒေသခံအချို့ ကတော့ အခုလို ရဲတပ်ဖွဲ့ဝင်တွေ အသတ်ခံရတာဟာ နယ်စပ်ဂိတ်အနီးမှာ ငွေ ကြေးတောင်းခံမှုအပေါ် မကျေနပ်မှုနဲ့ ဆက်စပ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကို ဘယ်အဖွဲ့ က သတ်ဖြတ်ခဲ့တယ်ဆိုတာကို မသိရသေးသလို စစ်ကောင်စီ ဘက်ကလည်း ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မနေ့ ညနေပိုင်းမှာပဲ မုံးပေါ်ကျေးရွာကနေ မူဆယ်ဘက်ကို အထွက်ဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေက ကာတစ်စီးကို တားဆီးစစ်ဆေးတာမှာ ရပ်မပေးဘဲ ကားပေါ်ကနေ ပစ်ခတ်ခဲ့ပါတယ်။ ဒီပစ်ခတ်မှုကြောင့် ဂိတ်မှာ ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ခြေထောက်မှာ ဒဏ်ရာရခဲ့သလို အမျိုးသမီးတစ်ဦးလည်း လက်မှာ ထိခိုက် ဒဏ်ရာရသွားတယ်လို့ မုံးပေါ်ကျေးရွာ ဒေသခံတစ်ဦး က RFA ကို ပြောပါတယ်။