ဆန္ဒပြကျောင်းသား ၅ ဦး တရားစွဲခံရ
2015.02.28
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ကျောက်ဆည် နည်းပညာတက္ကသိုလ်နဲ့ ရတနာပုံတက္ကသိုလ်က ကျောင်းသား ကျောင်းသူ ၅ ယောက်ကို ကျောက်ဆည် ခရိုင်အုပ်ချုပ်ရေးမှူးက တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ အပါအဝင် ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်လိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်ဆိုပြီး သိထားပေမယ့် အခုအချိန်အထိ ကျောင်း သားတွေကို တရားဝင်စာပို့လာတာမရှိသေးဘူးလို့ တရားစွဲခံရတဲ့ အထဲမှာပါသူ မန္တလေး ရတနာပုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုနိုင်ရဲဝေက ပြောပါတယ်။
"ရုံးဝန်ထမ်းတွေ ကျနော်တို့ လှမ်းမေးတဲ့အခါမှာ ကျနော်တို့ကို တရားစွဲထားတယ်ဆိုတာပဲ သိရပါတယ်၊ ကျန်တာ ကျနော်တို့ကို စာပို့တာတွေဘာတွေမလုပ်သေးဘူး၊ ရဲမှူးဆီ မတင်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီးတော့ မြို့မရဲစခန်းမှာ အမှုဖွင့်တယ်လို့သိရပါတယ်၊ ကျနော်တို့ကို စွဲထားတဲ့အမှုတွေက အရမ်းများတယ်ဗျ၊ပုဒ်မ ၁၈ ပါမယ်၊ နောက်တစ်ခါ ၅ဝ၆ ပါမယ်၊ နောက်တစ်ခါ ၁၄၃ ပါမယ်၊ အမှု ၄ မှုနဲ့ ကျနော်တို့ ကျောင်းသား ၅ ယောက်ကို စွဲချက်တင်ထားတယ်"
ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မန္တလေးရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂနဲ့ ကျောက်ဆည်နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့က ကျောင်းသား ၈ဝ ကျော်လောက်က ထောက်ခံဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
တရားစွဲခံထားရတဲ့အထဲမှာ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုနိုင်ရဲဝေ၊ ကျောက်ဆည် နည်းပညာတက္ကသိုလ်က ကိုရဲရင့်ပိုင်မှူး၊ ကိုအောင်မင်းခန့်၊ မငြိမ်းငြိမ်းထွေးနဲ့ မန္တလေး နည်းပညာတက္ကသိုလ်က ကိုကောင်းဇော်ဟိန်း ပါဝင်တယ်လို့ သိရပါတယ်။
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့အတွက် အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နဲ့ ကျောင်းသားကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးစဉ်မှာ သပိတ်မှောက် ကျောင်းသူ ကျောင်သားတွေကို အစိုးရက တရားစွဲဆိုမှုတွေမလုပ်ပါဘူးဆိုပြီး ကတိပေးထားခဲ့ပါတယ်။