ရေဘေးကြောင့် သီးနှံစိုက်ဧက ကိုးသိန်း နီးပါး ပျက်စီး
2024.10.01
ရာဂီမုန်တိုင်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်းက ရေကြီးရေလျှံခဲ့ပြီး စိုက်ပျိုးဧက ကိုးသိန်းနီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စစ်ကောင်စီက အောက်တိုဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ ရေကြီးရေလျှံတာကြောင့် စပါးစိုက်ဧက ရှစ်သိန်းနီးပါး (၇၉၃,ဝဝဝ) ပျက်စီးခဲ့သလို အခြားသီးနှံ စိုက်ဧက ခုနစ်သောင်းကျော် (၇၃,၄၂၄) ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်းထိ ရရှိတဲ့ စာရင်းတွေအရ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူ ၄၃၆ ဦးအထိရှိလာပြီး ရေစီးနဲ့ မျောပါပျောက်ဆုံးနေသူ ၆၆ ဦးနဲ့ တိရစ္ဆာန် တစ်သိန်းရှစ်သောင်းကျော် (၁၈၁,၄၉၁) သေဆုံးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် လူနေအိမ်၊ ရုံးဌာန၊ စာသင်ကျောင်း၊ ဘာသာရေးဆိုင်ရာအဆောက်အအုံ၊ လမ်း၊ တံတား၊ လျှပ်စစ်မီးတိုင်နဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေလည်း ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ပျက်စီးခဲ့တဲ့ စပါးစိုက်ခင်းတွေနဲ့ သီးနှံစိုက်ခင်းတွေကို ကူညီထောက်ပံ့ပေးမယ်လို့ ပျဉ်းမနားမြို့နယ်က ရေဘေးဒုက္ခသည်တွေနဲ့ စက်တင်ဘာ ၁၈ ရက်နေ့က တွေ့ဆုံချိန်မှာ ပြောထားပါတယ်။
ရေဘေးပြန်လည်ထူထောင်ရေးအတွက် အလှူငွေ ငွေကျပ် ၃၂ ဘီလီယံကျော် ရရှိထားတယ်လို့ အာဏာသိမ်းဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နေပြည်တော်မှာ စက်တင်ဘာ ၂၁ ရက်နေ့က ကျင်းပတဲ့ ရေဘေးအလှူငွေလက်ခံတဲ့ အခမ်းအနားမှာ ပြောထားပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စက်တင်ဘာ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံတစ်ဝန်း လူပေါင်း တစ်သန်းခန့် ရေဘေးသင့်ခဲ့ပါတယ်။
ရေဘေးသင့်ပြည်သူတွေအတွက် စိုက်ပျိုးရေးပစ္စည်းတွေ၊ အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးဝန်ဆောင်မှုအကူအညီတွေ အချိန်မီမရခဲ့ရင် ပြန်လည်ထူထောင်ရေး နှေးကွေးမှာဖြစ်ပြီး အဲဒီဒေသတွေမှာ ရေရှည်အခက်အခဲတွေကို ဆက်ရင်ဆိုင်ရမှာဖြစ်တယ်လို့ UNOCHA က ပြောထားပါတယ်။