မြိုင်ကြီးငူ ဒုက္ခသည်စခန်းမှာ ရိက္ခာပြတ်လပ်

စစ်ဘေးဒုက္ခသည် ၅၅၀၀ ကျော် ခိုလှုံနေတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသက ဒုက္ခသည်စခန်းမှာ စားနပ်ရိက္ခာ ပြတ်လပ်နေပြီလို့ စခန်းတာဝန်ခံတွေက ပြောပါတယ်။

စားနပ်ရိက္ခာ ပြတ်တာ ၅ ရက်လောက်ရှိနေပြီလို့ စခန်းတာဝန်ခံ ဦးထွန်း က ပြောပါတယ်။

"စားနပ်ရိက္ခာ သုံးလေးငါးရက်လောက် ပျက်နေပြီ၊ ကျနော်တို့က အစိုးရဆီမှာ တင်တော့တင်ထားပြီးပြီ ဘာသတင်းမှ မကြားရသေးဘူး၊ ဒီမှာက စားနပ်ရိက္ခပျက်နေပြီ၊ ပုဂ္ဂလိကအလှူရှင်က မလာဘူး၊ အခက် အခဲကတော့ ခုလောလောဆယ် စားနပ်ရိက္ခာတမျိုးပဲ အခက်အခဲဖြစ်နေတယ်"

မြိုင်ကြီးငူစစ်ဘေးဒုက္ခသည်စခန်းမှာ တစ်ရက်ကို ဆန်အိတ် ၃၀ လောက် လိုအပ်နေတာဖြစ်ပြီး ဆန်ပြတ် လပ်နေတာကြောင့် ထမင်းမဝေနိုင်တာ ၅ ရက်လောက်ရှိနေပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လက မြိုင်ကြီးငူစစ်ဘေးရှောင်တွေအတွက် ပြည်နယ်အစိုးရက ၃လစာ ဆန်ပေးခဲ့ပေမယ့် ၃လနောက်ပိုင်းမှာ ဆန်အခက်အခဲဖြစ်နေတာလို့ သိရပါတယ်။

လက်ရှိအချိန်မှာ ပုဂ္ဂလိက အလှူရှင်တွေလည်း မရှိတာကြောင့် ပြည်နယ်အစိုးရ ထောက်ပံ့ပေးမယ့် စားနပ်ရိက္ခာကိုမျှော်နေရတယ်လို့ ဦးထွန်းက ပြောပါတယ်။

အဲဒီဒုက္ခသည်တွေဟာ ၂၀၁၆ ခုနှစ် စက်တင်ဘာလလောက်က ကရင်ပြည်နယ် မဲသဝေါဒေသမှာ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ BGF တို့ ပူးပေါင်းတဲ့အဖွဲ့နဲ့ DKBA ခွဲထွက်အဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ထွက်ပြေးလာကြသူတွေဖြစ်ပါတယ်။