ဆိပ်ဖြူမြို့ကို ဝင်ထွက်ခွင့် ပိတ်ထားတာကြာလာလို့ ဒေသခံတွေ စားနပ်ရိက္ခာခက်ခဲလာ

RFA Burmese
2023.07.24
ဆိပ်ဖြူမြို့ကို ဝင်ထွက်ခွင့် ပိတ်ထားတာကြာလာလို့ ဒေသခံတွေ စားနပ်ရိက္ခာခက်ခဲလာ မကွေးတိုင်း၊ ဆိပ်ဖြူမြို့ရှိ ပတ္တမြားစျေးကို တွေ့ရစဉ်။
Seikphyu Media

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ကို ဇူလိုင်က ၁၄ ရက်နေ့ကနေ ဇူလိုင်လ ၂၄ ရက်နေ့အထိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး မြို့ပေါ်အဝင်အထွက်ခွင့်တွေပါ ပိတ်ထားတာ ၁၀ ရက်ခန့်ရှိလာတာကြောင့် စားနပ်ရိက္ခာပြတ်တောက်မှုနဲ့ ရင်ဆိုင် နေရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကြောင်းတွေဆက်တိုက်ထိုးနေတာကြောင့် ဆိပ်ဖြူနဲ့ ပခုက္ကူမြို့နယ်တွေက တောင်ရွာမ၊ မြောက်ရွာမ၊ ဆိုက်ခမ်း၊ ရေယဉ်ချောင်း၊ ဇီးပင်ကြီး၊ သံပုရာပင်၊ ဆားလောက်၊ စိုင်ဖြူ၊ ရှားဒူး၊ တောင်ပလူ၊ အရှေ့ကမ်းဖြူ၊ ဥယျာဉ်စု စတဲ့ရွာတွေက ‌ဒေသခံတွေလည်း ဒီနေ့အထိ ထွက်ပြေးနေရပါတယ်။

ဆိပ်ဖြူဘက်ကို အင်အား ၇၀ ခန့်ပါစစ်ကြောင်းအပြင် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၂၂ က အင်အား ၃၅ ဦးခန့်ပါ စစ်ကြောင်းပါဝင်ရောက်နေပြီး ပခုက္ကူဘက်ကိုလည်း အင်အားတစ်ရာကျော်ဝန်းကျင်ပါစစ်ကြောင်း ဝင်ရောက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်အထိ ဆိပ်ဖြူမြို့ပေါ်ကို လူနာပို့ဆောင်ချင်ပါက လူနာတင်ယာဉ်ဖြင့် လူနာနဲ့အတူ လေးဦးသာ ခွင့်ပြုပြီး အပြန်မှာလည်း ဘာပစ္စည်းမှ သယ်ယူခွင့်မပြုဘူးလို့ ဆိုပါတယ်။

မြို့ပေါ်ကနေ စားသောက်ကုန်အပါအဝင် ပစ္စည်းသယ်ယူခွင့်ကို စစ်ကောင်စီဘက်က ပိတ်ဆို့ထားတာကြောင့် ဈေးဆိုင်တွေမှာပါ ပစ္စည်းတွေပြတ်လပ်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ကုန်တိုက်တဲ့ကားတွေ၊ စားနပ်ရိက္ခာသွားဝယ်တဲ့ ကားတွေကို လုံးဝပိတ်ဆို့ထားတာ သွားလာလို့ အခုအချိန်အထိ မရဘူး။ ဆယ်ရက်ကျော်သွားပြီ။ ဈေးဆိုင်တွေမှာတော့ ပြတ်ကုန်ပြီ။ အိမ်တွေမှာရှိတဲ့ တောင်သူတွေဆီက ခဏမျှတယ်။ ဝယ်တယ်ပေါ့"

ဆန်နဲ့ ငါးပိ၊ ဆား စားနပ်ရိက္ခာတွေအပြင် ဆေးဝါးပစ္စည်းကအစ အခက်အခဲတွေ ရှိလာနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဆိပ်ဖြူအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်နေပြီး ဆိပ်ဖြူမြို့နယ်ဘက် တောင်ရွာမ ရွာမှာလည်း နေအိမ်လေးလုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိပ်ဖြူ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ကိုဒေးဗစ်ကတော့ စစ်ကြောင်းဝင်ရောက်လာလို့ စစ်ဘေးဒုက္ခသည် နှစ်ထောင်ခန့်ကို ဘေးလွတ်ရာနယ်မြေထဲ ပြောင်းရွှေ့ပေးထားရတယ်လို့ ပြောပါတယ်။

"သူတို့ ၁၄ ရက်နေ့က စစ်ကြောင်းထိုးတယ်။ စစ်ကြောင်းနဲ့အတူ မြို့ပေါ်ကို အသွားအလာတွေ ပိတ်ထားတယ်။ ရိက္ခာတွေလည်း ပြတ်တောက်တာတွေ ရှိတာပေါ့။ အဲအတွက် စစ်ရှောင်ပြည်သူ နှစ်ထောင်ကျော်လောက်ကို ကျွန်တော်တို့ စိုးမိုးနယ်မြေထဲမှာ ထားရတာရှိတာပေါ့"

ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း ဒေသခံတွေရိက္ခာရရှိဖို့ ပေါက်နဲ့ ပခုက္ကူမြို့နယ်တွေဘက်ကနေ ဝယ်ယူပေးနေရတယ်လို့ ဆိုပါတယ်။

ဒါဟာ စစ်ကောင်စီတပ် စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေချိန်မှာ ဒေသခံပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ရိက္ခာပြတ်တောက်အောင် ပိတ်ထားတာဖြစ်နိုင်တယ်လို့ လည်း ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းပြီးနောက် မကွေးတိုင်းက ဒေသခံ ၂၀၅,၄၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။