အဲဒီဆောင်းပါးမှာ ရေးသားထားတာကတော့ - လက်ရှိအခင်းအကျင်း အနေအထားတွေအရ လာမဲ့ နိုဝင်ဘာ ရွေးကောက်ပွဲဟာ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ပဲ အာဏာရှင်စနစ်သာ ဆက်လက် တည်မြဲနေမှာ ဖြစ်ပါတယ်။ အခုလို မြန်မာပြည်ရဲ့ ကံကြမ္မာဟာ အာဏာရှင်ပုံစံသစ်မှာ လမ်းဆုံးမသွားခင် အချိန်ကပဲ ကုလသမဂ္ဂက အမျိုးသားရင်ကြားစေ့ရေး နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် မြန်မြန် ထက်ထက်နဲ့ အားကောင်းမောင်းသန် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အရှေ့အနောက်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ကုလသမဂ္ဂ ဦးဆောင်မှုနောက်မှာ ညီညီညွတ်ညွတ်နဲ့ မြန်မာပြည်မှာ စစ်မှန်တဲ့ ဆွေးနွေးမှုတွေ စတင်နိုင်အောင် လုပ်ဆောင်ကြရမှာပါ။ အပြောနဲ့မဟုတ် အလုပ်နဲ့ ပြကြရမှာပါလို့ ရေးသား ထားပါတယ်။
ကုလသမဂ္ဂဟာ မြန်မာစစ်အစိုးရအပေါ် လက်နက်ပိတ်ဆို့ အရေးယူသင့်ပါတယ်။ မြန်မာကို လက်နက်ရောင်းတဲ့ တခြားနိုင်ငံတွေကိုလည်း ကြံရာပါတွေအဖြစ် အရေးယူနိုင်အောင် ဆောင်ရွက်သင့်ပါတယ်။ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်အတိုင်း စစ်အစိုးရ ကျူးလွန်ခဲ့တဲ့ အမှုတွေအတွက် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းသင့်ပါတယ်။ စစ်အစိုးရနဲ့ အပေါင်းပါတွေကို စံနစ်တကျ စီးပွားရေး ပိတ်ဆို့သင့်ပါတယ်၊ ဒီလိုမှမဟုတ်ရင် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ နောက်ပိုင်းမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကို ဆက်လက် တွေ့မြင်နေရဦးမှာ ဖြစ်ပါတယ်လို့ ဗက်ဆလပ် ဟာဗဲလ်က ဆောင်းပါးမှာ ရေးသားထားပါတယ်။