စစ်ဘေးသင့်တွေ ကူညီရေးစင်္ကြံဖန်တီးဖို့ Fortify Rights တိုက်တွန်း

ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲ စစ်ဘေးဒုက္ခသည်စခန်းမှ စစ်ဘေးဒုက္ခသည် မိသားစုအား ၂၀၂၂ ခုနှစ် ဧပြီလ ၈ ရက်နေ့က တွေ့ရစဉ်။
ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲ စစ်ဘေးဒုက္ခသည်စခန်းမှ စစ်ဘေးဒုက္ခသည် မိသားစုအား ၂၀၂၂ ခုနှစ် ဧပြီလ ၈ ရက်နေ့က တွေ့ရစဉ်။ (RFA)

ရခိုင်ပြည်နယ်က စစ်ဘေးသင့် ပြည်သူတွေဆီအရောက်သွားနိုင်အောင် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီပေးရေး စင်္ကြံဖန်တီးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အာရက္ခတပ်တော် (AA) တို့ကို Fortify Rightsလူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ က မတ်လ ၁၂ရက်က တိုက်တွန်းလိုက်ပါတယ်။

စုဆောင်းရရှိထားတဲ့ သက်သေအထောက်အထားတွေအရ မြန်မာစစ်တပ်ဟာ ရခိုင်နဲ့ ရိုဟင်ဂျာ အသိုက်အဝန်းနှစ်ခုလုံးက အရပ်သားပြည်သူတွေ အသက်ရှင် ရပ်တည်ဖို့ လိုအပ်တဲ့အကူအညီတွေ မရအောင် စနစ်တကျ တားဆီးထားပြီး ဒါဟာ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့လည်း Fortify Rights ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် ဒေသခံတွေ၊ ထပ်မံရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ကုလသမဂ္ဂအပါအဝင် အကူအညီပေးရေးအဖွဲ့တွေကို မေးမြန်းထားတွေနဲ့ စစ်ကောင်စီကထုတ်ပြန်ထားတဲ့ စာရွက်စာတမ်းတွေကို လေ့လာသုံးသပ်ချက်အရ၊ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်မှာ ကုန်သွယ်ရေးလမ်းကြောင်းတွေ ကို ပိတ်ထားပြီး အကူအညီပေးရေးအဖွဲ့တွေ ခရီးသွားလာခွင့်ကို တားဆီးထားတဲ့အကြောင်း၊ အစားအစာနဲ့ ဆေးဝါးပြတ်လပ်တဲ့အတွက် အရပ်သားပြည်သူတွေ အသက်သေဆုံးရကြောင်းFortify Rights အဖွဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ် ၁၇ မြို့နယ်ထဲမှာ ပြည်နယ်မြို့တော် စစ်တွေရှိတဲ့ စစ်တွေမြို့နယ်ကိုပဲ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တဲ့အကြောင်း၊ စစ်တွေဟာ အရေးကြီးတဲ့ ဆိပ်ကမ်းမြို့ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအရပ်ရပ်ကနေ ရခိုင်ပြည်နယ်ကိုပေးပို့မယ့် အကူအညီတွေကို ပိတ်ပင်နိုင်တဲ့အကြောင်း Fortify Rights က သုံးသပ်ပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ စစ်ပြေးဒုက္ခသည် ၅၁၉၀၀၀ ကျော် ရှိနေပြီး၊ နှစ်သန်းလောက်ဟာ အစားအစာ၊ ဆေးဝါးနဲ့ အခြား အကူအညီတွေ အရေးပေါ် လိုအပ်နေတဲ့အကြောင်း၊ အမေရိကန်အစိုးရသစ်က နိုင်ငံခြားအကူအညီတွေ လျှော့ချဖြတ်တောက်နေတာကြောင့် လူသားချင်းစာနာမှု အကျပ်အတည်း ပိုဆိုးလာပြီး မြန်မာစစ်ခေါင်းဆောင်တွေ ပိုအကျိုးရှိစေမှာဖြစ်တဲ့အကြောင်း Fortify Rights ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရတ်စ်ဟာ မတ်လ ၁၃ ရက်ကနေ ၁၆ ရက်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သွားရောက်မယ့် ခရီးစဉ်အတွင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို လာရောက်လိမ့်မယ်လို့ မျှော်လင့်ရပြီး၊ အကူအညီလိုအပ်နေတဲ့အကြောင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးက ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရကြောင်းလည်း ဖော်ပြထားပါတယ်။