ကလေးမြို့နယ်မှာ သတ်ဖြတ်ခံထားရတဲ့ ဒေသခံ ရှစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

ရဲစည်သူကာ (ဝါရှင်တန် ဒီစီ)
2021-09-08
Share
ကလေးမြို့နယ်မှာ သတ်ဖြတ်ခံထားရတဲ့ ဒေသခံ ရှစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ စစ်ကိုင်းတိုင်း ကလေးမြို့နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒေသခံတွေကို တွေ့ရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Kalay PDF) နဲ့ စစ်ကောင်စီတပ်တို့အကြား ပိုမိုတင်းမာလာတဲ့ စစ်ရေးပဋိပက္ခတွေအတွင်း စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် လူပေါင်း တစ်သောင်းကျော်လောက် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၆ ရက်နေ့က လမ်းဘေးမှာ သတ်ဖြတ်ခံထားရတဲ့ ဒေသခံ ရှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

ရေရှင်ကျေးရွာအနီးက လမ်းဘေးတွေမှာ ကျည်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အဲဒီ ရုပ်အလောင်းရှစ်ခုကို မီးရှို့သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေရှင်ကျေးရွာဒေသခံက ပြောပါတယ်။

"ရှစ်လောင်း အတည်ပြုလို့ရတယ်ခင်ဗျ။ ဒေသခံတစ်ယောက်က မိန်းမက ဝက်စာကျွေးခိုင်းလို့ ပြန်တာတဲ့ဗျ။ အဲ့ဒါက နောက်နေ့မှာ မှောက်ခုံကြီး သေနေတော့တာ။ ရင်ဘတ်မှာ ဒဏ်ရာနဲ့ မှောက်ခုံကြီး သေနေတာကို တွေ့ရတယ်တဲ့ဗျ။ စစ်တပ်ကနေ ပစ်သွားတဲ့အနေအထားဗျ။ ဝက်စာကျွေးပြန်လာတာကို သူ့ကိုဖမ်းချုပ်ပြီး စစ်ဆေးပြီးမှ ပစ်လိုက်တာတဲ့ဗျ။ တစ်ယောက်ကတော့ တစ်လောင်းကတော့ ရုတ်ရုတ် သဲသဲ ဖြစ်တဲ့အခါကြတော့ နွားတွေအစားမစားရမှာစိုးလို့ ပြန်တော့တာတဲ့ဗျ။ ပြန်တဲ့အခါကျတော့ စစ်တပ်ကဟာတွေနဲ့ တွေ့ပြီးမှ သူကိုရိုက်နှက် မေးမြန်းပြီးတော့ ဒါမနက်တော့ အလောင်းပဲ တွေ့လိုက် ရတော့တယ်ဗျ။ သူနာမည်က ဖိုးအို ခေါ်တယ်ဗျ။ နောက်တစ်ယောက်ကတော့ တံတားနားမှာ ပစ်ရင်း ခတ်ရင်းနဲ့ သေတာလား ဖမ်းပြီးမှ ခံရတာလားတော့ မသိဘူးဗျ။ မြင့်နိုင်လင်းတဲ့။ ဒီနေ့မနက် မီးသင်္ဂြိုဟ် လိုက်တာ။ တခြားရွာက ဧည့်သည်တွေလား မသိဘူးခင်ဗျ။ နှမ်းခုတ်ဖို့လာရင်းနဲ့ အဲဒါက ကိုယ်ရွာသားတွေ တော့ မဟုတ်ဘူးခင်ဗျ။ နာမည်တွေကတော့ အတိအကျ မသိဘူးခင်ဗျ"

ဒီရုပ်အလောင်း ရှစ်ခုထဲမှာ ရေရှင်ရွာက သုံးဦးနဲ့ အခြားရွာက နှစ်ဦးဟာ သူတို့ရဲ့လုပ်ငန်းခွင်တွေကို သွားလာရာကနေ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ရတာဖြစ်ပြီး ကျန်သုံးဦးကတော့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ကလေးမြို့နဲ့ မိုင်ပေါင်း ၃၀ ကျော်ဝေးတဲ့ ရေရှင်၊ အင်းကျွန်း၊ ကျောက်ဖူး၊ ဒိုးနွယ် စတဲ့ ကျေးရွာတွေအနီးမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ကထဲက ကလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

အခုတွေ့ရှိရတဲ့ ဒေသခံတွေရဲ့ရုပ်အလောင်းတွေဟာ အဲဒီနေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်ခံရမှုကြောင့် စစ်တပ်က သတ်ဖြတ်ခဲ့တာဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောကြပါတယ်။

စက်တင်ဘာ ၇ ရက် မနေ့ကတော့ ကလေးမြို့နယ် တောင်ပိုင်း ဒိုးနွယ်နဲ့ ကျောက်ဖူးကျေးရွာအကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သလို ကလေးမြို့မှာရှိတဲ့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) နဲ့ မြိူ့တော်ခန်းမ အနီးက မြို့နယ်ရဲစခန်းအနီးမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့ကနေ မနေ့ကအထိ တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ဒီအရေအတွက်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကလေးမြို့နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အင်းကျွန်း၊ ရေရှင်၊ ကုက္ကိုလ်၊ လယ်ခြား၊ ရှားတော၊ ဒိုးနွယ်၊ တင်းသား၊ အရှေ့စည်း၊ ကျောက်ဖူး၊ ကျောက်ဆည်၊ ကျောက်ပြုတ် စတဲ့ ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံ တွေ ထွက်ပြေးတိမ်းရှောင်နေရတာ ဒီအနေ့အထိဆိုရင် လူပေါင်းတစ်သောင်းကျော်လောက် ရှိပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်းတပ်စွဲပြီး ဖမ်းဆီးတာတွေရှိနေလို့ နေရပ်ကိုပြန်ဖို့ ခက်ခဲ နေတယ်လို့လည်း ပြောကြပါတယ်။

"တချို့အိမ်တွေကိုတော့ မီးမရှို့ဘူး။ သူတို့လိုချင်တဲ့ပစ္စည်းတွေ၊ ဖောက်ယူသွားတာတွေလည်း တွေ့ရတယ်ဗျ။ ရွာထဲဆိုင်ကယ်တွေလည်း ယူသွားတယ်ခင်ဗျ"

စစ်ကောင်စီတပ်က ရပ်ရွာတွေထဲမှာ တပ်စွဲထားတာ အချိန်ကြာလာတာနဲ့အမျှ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေရဖို့ ပိုမိုခက်ခဲလာတယ်လို့လည်း လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ရေရှင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။

"ရွာတိုင်းလိုလိုပဲ။ သူတို့အသံကြားရင် ထွက်ပြေးကြရတော့တာ ကြောက်လို့။ ရွာထဲတွေမှာ နေကြရတာ တွေရော၊ တောထဲတွေမှာ နေကြရတာတွေကတော့ တော်တော်လေး ဆင်းရဲတယ်ခင်ဗျ။ ရေကောင်း ရေသန့် မသောက်ရဘူး။ ခြင်ကိုက်ကိုက်နဲ့ နေရတယ်ဗျ။ အဲဒီမှာ အသက်ကြီးရွယ်အိုတွေလည်း ပါကြတယ်။ ကြောက်လို့ပြေးကြရတာ။ မိန်းမသားလေးတွေ ကလေးငယ်ငယ်တွေရောပေါ့ဗျာ။ အလွှာပေါင်းစုံအမျိုးမျိုးပေါ့။ နောက်ပြီးတော့ ရွာထဲမှာဆိုရင်လည်း တချို့အိမ်တွေကိုတော့ မီးမရှို့ဘူး။ သူတို့လိုချင်တဲ့ပစ္စည်းတွေ၊ ဖောက်ယူသွားတာတွေလည်း တွေ့ရတယ်ဗျ။ ရွာထဲဆိုင်ကယ်တွေလည်း ယူသွားတယ်ခင်ဗျ။ တော်တော်များတယ်။ အဲဒီဆိုင်ကယ်တွေ စီးပြီးတော့မှ မြောက်ဘက်က လယ်ခြားကုက္ကိုလ်ရွာ ထွက်သွားတယ်ဗျ။ အမြဲတမ်းလက်နက်ကြီးတော့ နေ့တိုင်းလိုလို ကြားနေရတယ်ဗျ"

destroyed-house-kalay.jpg
ကလေးမြို့နယ်အတွင်းက နေအိမ်တစ်အိမ်မှာ မွှေနှောက်ရှာဖွေထားတာကို တွေ့ရစဉ် (Photo: CJ)

လက်ရှိမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်းကျွန်း၊ လည်ခြား၊ ဒိုးနွယ် စတဲ့ ကျေးရွာတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၆ ရက်နေ့က တင်းသားကျေးရွာသား ၁၀ ဦး၊ အရှေ့စည်း ကျေးရွာသား သုံးဦး ဖမ်းဆီးခံထားရသလို စက်တင်ဘာလ ၇ ရက် မနေ့ကလည်း အရှေ့စည်းရွာသား သုံးဦး ထပ်မံဖမ်းဆီး ခံထားရတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။

ဒေသခံတွေကတော့ ဆက်လက်ထွက်ပြေးရတာတွေရှိနေဆဲလို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တင်းသားကျေးရွာခံတစ်ဦးက ပြောပါတယ်။

"ကျန်းမာရေးရော အမျိုးမျိုး ဒုက္ခရောက်တယ်။ ညကလည်း မိုးတွေကသည်းလို့။ ဒီဒုက္ခရောက်တဲ့ လူဦးရေကတော့ သူတို့ဒီမှာ နှိပ်ကွပ်မယ်လို့ ပြောထားတဲ့ရွာတွေက တင်သားရွာတစ်ရွာတည်း မဟုတ်ဘူးလေ။ တင်သား၊ ဒိုးနွယ်၊ ကျောက်ဖူး၊ အရှေ့စည်း ဒီရွာတွေကလည်း အရှေ့စည်းဆိုရင် ညက တစ်ရွာလုံး ထွက်ပြေးကြရတာ။ သူတို့ရွာ လူငယ်သုံးယောက်ကို ကပါးနီလမ်းမှာ ဖမ်းလိုက်လို့ သူတို့အရှေ့စည်းကို လာနိုင်တယ်ဆိုပြီးမှ အကုန်လုံး ညတွင်းချင်း ဆယ်နှစ်နာရီထိုးလောက်ကြီး ထွက်ပြေးကြတာ တစ်ရွာလုံး"

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ရေးတင်းမာမှုတွေ ရှိနေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဟာ အရှေ့စည်း၊ တင်းသားနဲ့ ဒိုးနွယ်ရွာတွေမှာ တပ်စွဲပြီး အခြားကျေးရွာတွေကို ဝင်ရောက်စီးနင်းတာတွေ ရှိနေသလို မနေ့ကလည်း ကလေးမြို့အဝင်မှာလည်း လုံခြုံရေးကို ပိုမိုတင်းကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က အခုလို လုံခြုံရေးတင်းကျပ်မှုတွေကြောင့် ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။

"မြို့ပေါ်မှာတော့ နေရာအနှံ့ပေါ့။ သူတို့လုံခြုံရေးရှိတဲ့နေရာတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်တယ်ခင်ဗျ။ မနေ့ကဆို သုံးနေရာ၊ လေးနေရာလောက်မှာ ပေါက်တယ်။ အဲဒါပြီးတော့ အဖမ်းအဆီးတွေလည်း ရှိတယ်ခင်ဗျ။ မြို့ပေါ်မှာ ဖမ်းခံရတဲ့သူတွေ။ ကျနော်တို့ မြို့ထဲမှာဆို သူတို့က ဘဏ်တို့၊ ရုံးရှေ့တို့ သူတို့ ရဲစခန်းရုံးရှေ့တို့၊ ဘာတို့မှာ လုံခြုံရေး တော်တော်များများ ချထားတယ်ခင်ဗျ။ အထူးသဖြင့်တော့ ပိုဆိုးတာက အရပ်ဝတ်တွေနဲ့ဗျ။ နေရာတိုင်းလိုလို လိုက်လံစုံစမ်းထောက်လှမ်းနေတဲ့ပုံ ရှိတယ်ဗျ။ စိုးရိမ်မှုကတော့ ရှိတာပေါ့ဗျာ။ အရပ်သားတွေ ကျနော်တို့ လုံခြုံမှုမရှိဘူးလို့ ခံစားရတယ်ဗျ။ တစ်ခုခု အပြင်ကိုထွက်ဝယ်ချင်ရင်တောင်မှ ဖုန်းတွေ၊ ဘာတွေကို အိမ်တွေဘာတွေမှာ ထားခဲ့ရမှာတွေ အိမ်မှာထားပြီးတော့ အပြင်ထွက်ရတယ်ဗျ"

ကလေးမြို့နယ်မှာဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။

ကလေးမြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက် မနေ့ကအထိ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲပေါင်း ၂၀ နီးပါးဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။

စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ပြည်သူတွေကတော့ မနေ့ကအထိ ငါးဆယ်ကျော်အထိ ရှိနေပြီး ဖမ်းဆီးခံထားရသူတွေကတော့ ၁၀၀ ကျော်အထိ ရှိနေတယ်လို့လည်း ပြောပါတယ်။

ကလေးမြို့နယ်မှာ လူဦးရေ လေးသိန်းနီးပါးရှိပြီးတော့ မြို့ပေါ်မှာ တစ်သိန်းခွဲနဲ့ ကျေးရွာပေါင်းခြောက်ဆယ်မှာ နှစ်သိန်းခွဲ နေထိုင်ကြတာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာလ ၇ ရက် မနေ့က ပြည်သူ့တော်လှန်ရေးစတင်ကြောင်း ကြေညာခဲ့ပြီးနောက် ကလေးမြို့အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်တာကြောင့် ဒေသခံတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင် နေထိုင်တဲ့အဆောက်အဦးတွေနား နေထိုင်သွားလာခြင်း မလုပ်ဖို့ ကလေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက သတိပေးထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့