မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် တောင်လည်ရွာမှာ မနေ့က မိုးကြီးတာကြောင့် တောင်ပေါ်ကကျဆင်း တဲ့ ရေစီးနဲ့အတူ နေအိမ် ၁၇ လုံး မျောပါပြီး၊ လူ ၄ ဦးသေဆုံးသွားပါတယ်။
လူ ၈ ဦးလောက် ပျောက်ဆုံးနေရာမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ရဲ့ အလောင်းတွေကို တွေ့ ပြီဖြစ်ကြောင်း၊ ကျန် ၄ ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးမြင့်ဇော်က ပြောပါတယ်။
"မိုးတအားရွာတာက ၂၄ ရက်နေ့ည ၁ဝ နာရီခွဲ၊ ၂၅ မနက် ၁ နာရီခွဲမှာ အိမ်တွေဘာတွေ ကျွတ်ပါတာတို့ ဖြစ် တယ်ပေါ့၊ မြို့နယ်ကျေးရွာအုပ်စုပေါ့နော်၊ မြို့နယ်တိုက်နယ်ထဲမှာပဲဖြစ်တာ ဖြစ်တာက၊ သွားတုန်းကတော့ မန္တလေး မုံရွာသွားတဲ့ ကားလမ်းမကြီးမှာ ဖြတ်တည်ထားတဲ့တံတားပေါ့၊ အဲ့ဒီတံတား ပေ ၃ဝ ပတ်လည်လောက် မျောပါသွားတာပေါ့၊ မနက်ပိုင်းကသိထားတာက ၁ဝ အိမ်ပေါ့ဗျာ အခုနောက်တိုးနဲ့ဆိုတော့ ၁၇ အိမ် ပျက်စီးတာတယ်၊ လူ ၈ ဦးခန့်ပျောက်တယ် ဒါပေမယ့် တွေ့ထားတာက ယောက်င်္ကျားလေးအလောင်း ၁ လောင်း၊ အမျိုးသမီးအလောင်း ၃ လောင်း၊ အလောင်း ၄ လောင်းတော့ ပြန်ရထားတယ်"
ဇူလိုင် ၂၄ ရက် ည ၁ဝ နာရီလောက်ကစပြီး မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ဇူလိုင် ၂၅ ရက် မနက်အစောကြီးမှာ စဉ်းကူးမြို့နယ် တွင်းငယ်၊ ရှားတော၊ တောင်လည်၊ ဒေါင်းပုံးနဲ့ သီးကုန်း စတဲ့ ကျေးရွာတွေမှာ ရေကြီးခဲ့တာဖြစ်ပါတယ်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့က နန့်ပေါ့ချောင်းတံတား ဒီနေ့ ကျိုးကျရာမှာ လူ ၃ ဦး သေဆုံးပြီး၊ တံတားပေါ်မှာ ရပ်ကြည့်နေကြသူတွေထဲကတချို့ ရေထဲမျောပါသွားကြောင်း၊ အရေအတွက်တော့ အတိအကျမသိရသေးကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်ပေးနေတဲ့ သီပေါအကျိုးဆောင်လူငယ်အဖွဲ့က ကိုစိမ်းကိုက ပြောပါတယ်။
"နန့်ပေါ့ချောင်းနဲ့ သီပေါမြစ်ဆုံတဲ့နားမှာ တံတားတစ်ခုရှိတယ် အဲ့ဒီနန့်ပေါ့ချောင်းဘက်က၊ အဲ့ဒီတံတား က ရေကြီးပြီးတော့မှ အလယ်ကနေတိုင်ပြုတ်ပြီးတော့မှ တံတားပေါ်ကနေကြည့်နေတဲ့ လူတွေတော်တော် များများတော့ ပါသွားတာပေါ့နော်၊ တံတားပေါ်မှာရပ်ပြီး ကြည့်နေကြတာ၊ အဲ့တံတားဟာ ဘာမှတော့ သမိုင်းမရှိခဲ့ဘူးဗျာ တံတားကအကောင်းကို၊ ရေကတအားကြီးပြီးတော့ တံတားကမခိုင်တဲ့အခါကျတော့ တံတားကရေထဲမျောသွားတာပေါ့နော်၊ အခုလောလောဆယ်တော့ လူ ၆ ယောက်လောက်တော့ ကယ်ဆယ်ပြီးပါပြီ၊ တံတားအကျိုးအောက်မှာပိနေတာ ကရိန်းတွေဘာတွေနဲ့ ဌာနဆိုင်ရာတွေနဲ့ ကျနော်တို့ သီပေါမြို့က လူမှုဝန်ထမ်းတွေနဲ့ အများကြီၤးလာပြီးတော့ ကူညီနေကြပါတယ်"
တံတားကျိုးကျတာကြောင့် အသက် ၂ဝ လောက်ရှိကြတဲ့ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၂ ဦး သေဆုံးပြီး၊ ၆ ဦး ကိုတော့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်ထဲက မိုးကုတ်မြို့မှာလည်း ဒီနေ့ မနက်ပိုင်းက ရေကြီးနေတာကြောင့် အောင်ချမ်းသာ ရပ်ကွက်တစ်ခုလုံး ရေနစ်မြုပ်နေပြီး ဒေသခံတွေ ကို ပြောင်းရွေ့ပေးနေရတယ်လို့ မိုးကုတ်မြို့ မီးသတ်ဌာနက ပြောပါတယ်။
ရှမ်းပြည်နယ် သီပေါမြို့က နန့်ပေါ့ချောင်းတံတား ကျိုးကျမှုနဲ့ပတ်သက်လို့ သီပေါမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိူးတင့်ဇော်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။