သံတောင်ကြီးမှာ စစ်ယာဉ်တန်းပစ်ခတ်မှုကြောင့် ကလေးသုံးဦးအပါအဝင် လေးဦး ဒဏ်ရာရ

ကရင်ပြည်နယ် သံတောင်ကြီးမြို့၊ ပျားစခန်းရွာအနီးမှာ ဇူလိုင်လ ၁၂ ရက် ဒီနေ့မနက်ပိုင်း စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခံခဲ့ရပြီးနောက် လမ်းတစ်လျှောက် သေနတ်နဲ့ ပစ်ခတ်တာ ကြောင့် ကလေးငယ်သုံးဦးနဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခံရတဲ့ နေရာဟာ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းနယ်စပ်နေရာမှာဖြစ်ပြီး သေနတ် ထိမှန်သူတွေကတော့ ပဲခူးတိုင်း တောင်ငူမြို့ အရှေ့ဘက် ၅ မိုင်၊ ၆ မိုင်နဲ့ ၇ မိုင်က ဒေသခံ တွေ ဖြစ်ပါတယ်။

အသက်သုံးနှစ်အရွယ်နဲ့ ၁၂ နှစ်အရွယ်နှစ်ဦးကတော့ အိမ်ပေါ်မှာကစားနေချိန် ကျည်ဆန် ထိမှန်ခဲ့တာကြောင့် ဆိုင်ကယ်နဲ့ တောင်ငူမြို့နယ်ဆေးရုံကြီးကို ပို့ဆောင်လိုက်ရတယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

“ကျနော့်သားနှစ်ယောက်က သူတို့အဘွားအိမ်ပေါ်မှာနေနေတာ။ အသံကြားလို့ ကြည့်မိ လိုက်တော့ ကလေးတွေကို ထိသွားတာ။ သူတို့ ကံဆိုးချင်တာပါ။ အငယ်လေးကိုက သူ့ အမေက ဆိုင်ကယ်နဲ့ခေါ်ပြီး ဆေးရုံပြေးလာတာ။ ကျနော်ကလည်း အကြီးကောင်လေး ကိုခေါ်ပြီး ပြေးလာတာ။ အကြီးကောင်ကတော့ ခြေသလုံးကြွက်သား ဖွသွားတယ်။ အငယ်လေးက ခြေသလုံးပေါက်ထွက်သွားတယ်”

သေနတ်ထိမှန်သူ အရေအတွက် တိတိကျကျကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။

စစ်ကောင်စီတပ်သားတွေ အကြောင်းမဲ့ပစ်ခတ်သွားတဲ့ ရွာတွေတစ်လျှောက်မှာ တိုက်ပွဲ တွေလည်းမဖြစ်သလို အေးအေးချမ်းချမ်းရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနက် ၁၁ နာရီလောက်က ထမင်းစားဖို့အပြန် ကျမတို့က လယ်ထဲကနေ တက်လာတာ။ လမ်းခွဲမှာ ပစ်တော့တာပဲ။ ကျမတို့ ဆိုင်ကယ်လည်း လဲသွားတယ်။ ကျမတို့ဘက်က အေးအေးဆေးဆေးပဲ။ လယ်လုပ်စားကြတယ်။ ငှက်ပျောစိုက်စားကြတယ်။ ဘာသံမှ လည်း မကြားဘူး။ ကျမတို့နားမှာ စစ်တပ်လည်း ရှိတယ်လေ။ သေနတ်တွေက အတွဲ လိုက်ပစ်တာ ကျမတို့လည်း ကြောက်တော့ ပြေးရတာပဲ”

ကားငါးစီးပါဝင်တဲ့ စစ်ကောင်စီယာဉ်တန်းရဲ့ အရှေ့ဆုံးကားပေါ်က စက်သေနတ်နဲ့ ဆက် တိုက် ပစ်သွားတာဖြစ်ပြီး အနောက်ဆုံးကားကတော့ မိုးပေါ်ထောင်ပစ်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုပါတယ်။

သေနတ်ကျည်ဆန် ထိမှန်သူတွေကိုတော့ တောင်ငူမြို့နယ် ဆေးရုံကြီးမှာ ဆေးကုသပေး နေပြီး ခြေထောက်နဲ့ လက်တွေကိုသာ ထိမှန်ခဲ့တာကြောင့် အသက်အန္တရာယ်စိုးရိမ်စရာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။