ဝတပ်ဖွဲ့ ဦးဆောင်တဲ့ လက်နက်ကိုင်ခြောက်ဖွဲ့ ပင်လုံညီလာခံမတက်ဖို့ ဆုံးဖြတ်


2020.08.13

နေပြည်တော်မှာ ပြုလုပ်တော့မယ့် စတုတ္တအကြိမ်မြောက် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် ခုနှစ်ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)  က ဒီကနေ့ သြဂုတ်လ ၁၃ ရက်နေ့မှာ ‌ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

FPNCC ရဲ့ကြေညာချက်မှာ... ကိုဗစ်-၁၉ ကပ်ရောဂါ ပြန့်ပွားနေချိန် နယ်စပ်ဒေသတွေရဲ့ ဆေးဝါးကုသမှု အခက်အခဲနဲ့ ခရီးသွားလာရေး အခက်အခဲတွေဟာ FPNCC အဖွဲ့ဝင်ခြောက်ဖွဲ့ ညီလာခံ မတက်‌ရောက်နိုင်တဲ့ အဓိကအကြောင်းရင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ရခိုင့်တပ်တော် (AA) ကို အစိုးရက ညီလာခံတက်ဖို့ မဖိတ်ကြားတဲ့အ‌ပေါ် များစွာစိတ်မကောင်း ဖြစ်မိကြောင်းလည်း ပြောပါတယ်။

FPNCC အဖွဲ့ဝင် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဗိုလ်မှူးချုပ် တာဘုန်းကျော်ကတော့... ရခိုင့်တပ်တော် AA ကို ပင်လုံညီလာခံ တက်ရောက်ဖို့ မဖိတ်ကြားတဲ့အတွက် FPNCC အနေနဲ့ ဒီလို ဆုံးဖြတ်လိုက်တာလို့   RFA ကို ပြောပါတယ်။

မကြာသေးခင်က အဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြချိန်မှာ ညီလာခံသွားတက်ရင် မဟာမိတ်အချင်းချင်း ညီညွှတ်ရေးမှာ ထိခိုက်နိုင်တာကြောင့် မတက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

"၂၁ ပင်လုံညီလာခံ ဖိတ်ကြားစာ ကျနော်တို့ ရပါတယ်။ ဒါပေမယ့် ကျနော်တို့ မတက်ဖြစ်ပါဘူး။ FPNCC လည်း ဒီနေ့အစည်းအဝေးထိုင်တယ်၊ မတက်ဖို့ ဆုံးဖြတ်ပါတယ်။ အဓိကကျတော့ ကျနော်တို့ မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ AA ကို မဖိတ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ မတက်သင့်ဘူး၊ ဖိတ်တာကလည်း ညီလာခံရဲ့ အဖွင့် အခမ်းအနားပဲ၊ အဲဒါတောင်မှ ကျနော်တို့ မဟာမိတ်တွေကို စုံစုံညီညီ မဖိတ်နိုင်ဘူးဆိုရင် ကျနော်တို့ သွားတဲ့အချိန်မှာ ညီညွတ်ရေးကို ပြန်ကြည့်ရတဲ့ အနေအထားရှိပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ မတက်ဖြစ်ပါဘူး"

KIO ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ….

"FPNCC ရဲ့ထုတ်ပြန်ချက် လက်ခံရရှိပြီးပြီဆိုတော့ မနက်ဖြန်လောက်မှာ KIO ဗဟိုကော်မတီရဲ့ သဘောထားတွေလည်း ထုတ်ပြန်မယ်လို့တော့ ကျနော်လည်း ယူဆပါတယ်။ တကယ်လို့ ဘာမှ KIO ဘက်က မပြောဘူးဆိုရင်တော့ ဒီ FPNCC ရဲ့သဘောထားက အတည်ဖြစ်သွားမှာပါ" လို့ ပြောပါတယ်။

FPNCC ရဲ့ ဦးဆောင်အဖွဲ့ဖြစ်တဲ့ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ရဲ့ပြောခွင့်ရသူ ဦးညီရမ်းကတော့ ထုတ်ပြန်ချက်အတိုင်းသာဖြစ်ပြီး နောက်ထပ်မှတ်ချက်ပေးစရာမရှိဘူးလို့ RFA ကိုစာနဲ့ဖြေကြားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းကတော့ ….

"အစိုးရအနေနဲ့တော့ ပင်လုံကို အရေးကြီးတယ်လို့ ထင်တယ်။ အစိုးရက ငြိမ်းချမ်းရေးကို ဦးစားပေးကြွေးကြော်ပြီး ရွေးကောက်ပွဲကနေ တက်လာတာပေါ့နော်။ အဲ့တော့ ပင်လုံက ဘာပဲဖြစ်ဖြစ် နောက်ဆုံးအကြိမ်ထိ လုပ်နိုင်တယ်ဆိုရင်တော့ အစိုးရရဲ့ အောင်ပွဲပေါ့နော်။ နောက်တခုက သိက္ခာအရ လာမယ့်ရွေးကောက်ပွဲမှာ ပြောစရာ ဆိုစရာကောင်းတဲ့ကိစ္စဆိုတော့ သူကဆက်လုပ်မယ်လို့ ယူဆတယ်။ကျန်တဲ့တိုင်းရင်းသားအဖွဲ့တွေကျတော့လည်း ၂၀၂၀ ရွေးကောက်ပွဲအပြီး ဘယ်သူအစိုးရဖြစ်ဖြစ် ဘယ်ပါတီတက်တက် သူတို့နဲ့ဆက်ပြီးတော့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်မယ်ဆိုတဲ့ ကတိကဝတ်ရထားဖို့ အရေးကြီးတယ်လို့ထင်တယ်။ အဲ့ဒါကြောင့် ဘာပဲဖြစ်ဖြစ် ပင်လုံကတော့ ဖြစ်လိမ့်မယ်။ ဒီ FPNCC အပါအဝင် မြောက်ပိုင်းအဖွဲ့အများစုကိုတော့ နောက်ကျမှ ပြန်ခေါ်မယ်ဆိုတာမျိုး ဖြစ်နိုင်ပါတယ်" လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့သဘောထားကို သိနိုင်ဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ဝင်တွေဖြစ်တဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း၊ ဗိုလ်ချုပ်ထွန်းထွန်းညီတို့ကို ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက် စတုတ္တအကြိမ်မြောက် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံ အစည်းအဝေးတွေကို လာမယ့် သြဂုတ်လ ၁၉ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး အပစ်မရပ်သေးတဲ့ အဖွဲ့တွေထဲက မတရားသင်း အဖြစ်ကြေညာခံထားရတဲ့ AA အဖွဲ့ကလွဲရင် ကျန်တဲ့အဖွဲ့တွေကို ညီလာခံဖွင့်ပွဲအခမ်းအနား တက်ကြဖို့ ဖိတ်ကြားထားတာပါ။

အစိုးရရဲ့ NCA လမ်းကြောင်းကို လက်မခံတဲ့ UWSA ၀ အဖွဲ့ ဦးဆောင်တဲ့ FPNCC မှာ မိုင်းလားအဖွဲ့ NDAA၊ ကချင်လွတ်မြောက်ရေး တပ်မတော် KIA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA၊ ကိုးကန့်အဖွဲ့  MNDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ ရခိုင့်တပ်တော် AA တို့ ပါဝင်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။