မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဦးဆောင်ဖြေရှင်းပေးဖို့ တရုတ်အစိုးရကို FPNCC တောင်းဆို

လက်ရှိတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတို့ရဲ့ နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်း ခက်ခဲနေတာ တွေကို တရုတ်နိုင်ငံအစိုးရအနေနဲ့ ဦးဆောင်ဖြေရှင်းပေးဖို့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ FPNCC က ဒီနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံသမ္မတနဲ့ စစ်ရေးဗဟိုကော်မတီ ဥက္ကဌအဖြစ် မစ္စတာရှီကျင်းဖျင်ကို ခန့်အပ်လိုက်တဲ့အတွက် ဝမ်းသာ ဂုဏ်ယူကြောင်း FPNCC က မတ်လ ၂၀ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ သဘောထားကြေညာချက်မှာ ထည့်သွင်း တောင်းဆိုလိုက်တာဖြစ်ပါတယ်။

FPNCC ကော်မတီကို UWSA "ဝ" အဖွဲ့က ဦးဆောင်တာဖြစ်ပြီး NCA စာချုပ်ကို လက်မခံတဲ့အတွက် အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အခက်အခဲဖြစ်နေတာပါ။

FPNCC မှာ UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၊ ကိုးကန့်အဖွဲ့ MNDAA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ AA ရက္ခိုင့်တပ်မတော် စတဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ပါဝင်ကြပါတယ်။