လူမျိုး ဘာသာ မခွဲခြားဖို့ ပြင်သစ်အစိုးရတိုက်တွန်း

လူမျိုးဘာသာ အဆင့်အတန်း မခွဲခြားဘဲ အရပ်ဘက် တိုင်းရင်းသား အားလုံးကို ကာကွယ် စောင့်ရှောက်မှုပေးဖို့ ပြင်သစ်နိုင်ငံ အစိုးရက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့ ရခိုင်တိုင်းရင်းသားတွေ အကြမ်းဖက်မှု ထပ်မံ ဖြစ်ပွားတဲ့ သတင်းတွေ မနေ့က ထွက်လာပြီးတဲ့နောက် အဲဒီလို တိုက်တွန်းလိုက်တာပါ။

မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေး အောင်မြင်ထမြောက်ဖို့ တိုင်းရင်းသား ပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ပူးပေါင်းအဖြေရှာဖို့ အထူးတလည် အရေးကြီးတယ်လို့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒု-ပြောခွင့်ရသူ Floreani က ပြောကြားပါတယ်။

ရခိုင်ပြည်နယ်က မူဆလင်တွေဟာ ဘယ်လို အခြေအနေ အဆင့်အတန်းမျိုးမှာ ဖြစ်နေပါစေ၊လူ့အခွင့်အရေး လေးစားလိုက်နာတဲ့ အနေနဲ့ သူတို့ကို နိုင်ငံသားအဖြစ် အသိမှတ်ပြုခံပိုင်ခွင့်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းလုပ်ဖို့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနက တိုက်တွန်းပါတယ်။

အရပ်သားတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်နဲ့ ပတ်သက်တဲ့ သတင်းတွေ ပေါ်ထွက်နေတာကို စိုးရိမ်မကင်း ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။ အဆင့်အတန်းမခွဲဘဲ အရပ်သားအားလုံးကို ကာကွယ် စောင့်ရှောက်ဖို့နဲ့ ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်လို့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒု-ပြောခွင့်ရသူ Floreani က ပြောသွားပါတယ်။