ထောင်ကြွေးကျန် ပုဒ်မကို ပယ်ဖျက်ဖို့ တောင်းဆို

နိုင်ငံရေး အကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၀၁ အပိုဒ်ခွဲ (၁)နဲ့ ထောင်ချလိုက်တာနဲ့ ပတ်သက်လို့ အဲဒီလိုပြစ်မှုကြွေးကျန်တွေထားရှိတဲ့ပုဒ်မကို ပယ်ဖျက်ပေးဖို့ ဧရာဝတီတိုင်းအတွင်းက တောင်သူ လယ်သမားနဲ့ ရေလုပ်သားအဖွဲ့အစည်းတွေ က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ကြပါတယ်။

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် အထည်ချောင်ကျေးရွာမှာ မနေ့ကပြုလုပ်တဲ့ တောင်သူ လယ်သမား အစည်းအဝေးကနေ အခုလို သဘောထားကြေညာချက် ထုတ်ပြန်တာဖြစ်ကြောင်း တောင်သူလယ်သမား နဲ့ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး သမဂ္ဂအဖွဲ့ဝင် ကိုမောင်ငြိမ်းက RFA ကို အခုလိုပြောပါတယ်။

"ထုတ်ပြန်ချက်က ဧရာဝတီတိုင်း တောင်သူလယ်သမား၊ ရေလုပ်သားအားလုံးရဲ့သဘောထားနဲ့ ဗိုလ်ကြီး နေမျိုးဇင်ကို မတရားဖမ်းဆီးထားတဲ့ကိစ္စရယ်၊ တောင်သူလယ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့လူတွေကို မတရားဖမ်းဆီးတဲ့ကိစ္စရယ်၊ မြန်မာနိုင်ငံတဝှမ်းမှာရှိတဲ့ တောင်သူလယ်သမားတွေထံမှ မတရားသိမ်းထားတဲ့ လယ်ယာမြေတွေကို တောင်သူတွေလက်ထဲပြန်ရောက်ဖို့ကိစ္စရယ် အဲဒါကိုကျနော်တို့စုပေါင်းပြီး အစည်းအဝေးလုပ်ပြီးတော့ သဘောထားကြေညာချက်ကို ထုတ်ပြန်တာပါခင်ဗျာ၊ ဒီထက်မှမရဘူးဆိုလို့ရှိရင် ဧရာဝတီတိုင်းမှာရှိတဲ့ ပြည်သူလူထုတရပ်လုံး လက်မှတ်ထိုးပြီးတော့ သမ္မတထံကို ဦးနေမျိုးဇင်အပါအဝင် ပုဂ္ဂိုလ်တွေကို လွှတ်ပေးဖို့ အသနားခံစာတင်မှာခင်ဗျ၊ ကျနော်တို့ ပြည်သူလူထုအင်အားတွေနဲ့ ဆန္ဒဖော်ထုတ်မှုတွေ ဒေသအနှံ့အပြားမှာ ဆုတောင်းပွဲတွေလုပ်ပါမယ်"

တောင်သူလယ်သမားတွေ ထုတ်ပြန်လိုက်တဲ့ သဘောထားကြေညာချက်ထဲမှာ မအူပင်မြို့ အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ ဦးနေမျိုးဇင် နည်းတူ ပုဒ်မ၄၀၁ နဲ့ လွတ်မြောက်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပြစ်မှုကြွေးကျန်တွေကို ရုတ်သိမ်းပေးဖို့စတဲ့ အချက်တွေကို တောင်းဆိုထားပါတယ်။

တောင်သူလယ်သမားနဲ့ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးသမဂ္ဂအဖွဲ့ဟာ ဧရာဝတီတိုင်း ၁၄ မြို့နယ်က တောင်သူလယ်သမားနဲ့ ရေလုပ်သားတွေနဲ့ ဖွဲ့စည်းထားပြီး အဖွဲ့ဝင် ၁ သောင်းကျော် ရှိတယ်လို့သိရပါတယ်။