ငြိမ်းချမ်းစွာ လှည့်လည်ခွင့် ပခုက္ကူမှာ ပယ်ချခံရ

မကွေးတိုင်း ပခုက္ကူမြို့မှာ ဒေသခံတွေက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် လျှောက်ထားချက်ကို မြို့နယ် ရဲတပ်ဖွဲ့မှူးက ပယ်ချလိုက်ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြဖို့ ဥပဒေနဲ့အညီ လျှောက်လွှာတင်ခဲ့တာဖြစ်ပေမဲ့၊ အကြောင်းပြချက် ၄ ရပ်နဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး က ငြင်းပယ်လိုက်တာဖြစ်ကြောင်း မနေ့က ရက်စွဲနဲ့ အကြောင်းပြန်စာမှာ ဖေါ်ပြထားပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ်လျှောက်လွှာကို ဒီနေ့ ထပ်တင်မယ်လို့ ဆန္ဒပြခွင့် ဦးဆောင်လျှောက်ထားခဲ့တဲ့ ဦးသန်းနိုင်က အခုလိုပြောပါတယ်။

"အခြေခံဥပဒေ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ကျနော်တို့ အဓိကထားပြီးတော့ပေါ့လေ ၅၉(ဃ)နဲ့ ၅၉(စ) ကိစ္စလေးလည်း ပါပါတယ် ခင်ဗျ၊ နောက်ကျနော်တို့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ဖော်ဆောင်ပေးဖို့အတွက်လည်း ကျနော်တို့ အစီအစဉ်ထဲမှာပါတယ်၊ နောက်တခါ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုပြီးတော့ တစ်ခု၊ နောက်တစ်ခါ ကျနော်တို့ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ လျော်ညီသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးဆိုပြီးတော့လည်း တစ်ခု၊ စုစုပေါင်း ကြွေးကြော်သံသဘော ၆ ခုနဲ့ တင်ခဲ့တာပါခင်ဗျ၊ မနေ့ကညနေ ၅ နာရီဝန်းကျင်မှာ ကျနော့်ဆီကို ငြင်းပယ်တဲ့စာ ရောက်ပါတယ်ခင်ဗျ၊ ဒီနေ့လည်းနောက်ထပ် လျှောက်လွှာတစ်စောင် ထပ်တင်ပါမယ်ခင်ဗျ"

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်အတွက် ပြဌာန်းထားတဲ့ ဥပဒေပုဒ်မ ၁၈ ကို ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့မှာ ပြည်သူ့လွှတ်တော်က ပြင်ဆင်အတည်ပြုခဲ့ပါတယ်။ ပြင်ဆင်ချက်အရ ဆန္ဒပြဖို့ ခွင့်ပြုချက်တောင်းရင် သက်ဆိုင်ရာက ခွင့်ပြုရမှာဖြစ်ပေမဲ့၊ အဲ့ဒီပြင်ဆင်ထားတဲ့ ဥပဒေကို သမ္မတက လက်မှတ်မထိုးသေးလို့ အတည်မဖြစ်သေးတဲ့အတွက် အခက်အခဲတွေ ဖြစ်ရတဲ့အကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

"ပြင်လိုက်တဲ့မူတွေဟာ အသက်မဝင်သေးလို့ပါ၊ သမ္မတ လက်မှတ်မထိုသေးတော့ ဒါကို အတည်ပြုလို့မရသေးဘူး၊ သမ္မတကြီးက လက်မှတ်ထိုးဖို့ကိစ္စကို အလျင်တလို မလုပ်ဆောင်ပေးတဲ့အတွက် ပုဒ်မ ၁၈ နဲ့ပတ်သက်ပြီးတော့ ဆန္ဒဖော်ထုတ်လိုသူတွေအတွက်တော့ အခတ်အခဲတွေ ဖြစ်ပေါ်နေရတာပေါ့၊ သမ္မတကြီးက ဒီလူတွေအတွက်ကို စောစောစီးစီး လက်မှတ်ထိုးပေးနိုင်ရင် ပိုကောင်းတာပေါ့"

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့အတွက် အခုနှစ်ဆန်းပိုင်းကစပြီး ရန်ကုန်မြို့က မြို့နယ်တချို့ အပါအဝင်နယ်မြို့တွေမှာ ဆန္ဒပြခဲ့ကြရာမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးခဲ့ကြပါတယ်။