စစ်ကောင်စီ သတင်းမှားတွေနဲ့ ဝါဒဖြန့်နေတယ်လို့ ဦးကျော်မိုးထွန်း ကုလမှာပြော

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလကော်မတီ အစည်းအဝေးမှာ တွေ့ရသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်း။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလကော်မတီ အစည်းအဝေးမှာ တွေ့ရသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်း။ (Photo : Permanent Mission of Myanmar to the United Nations)

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ သတင်းအမှားတွေကိုသုံးပြီး ပြည်သူတွေကို လိမ်လည်ဝါဒဖြန့်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောဆိုလိုက်ပါတယ်။

နိုင်ငံပိုင် သတင်းမီဒီယာတွေ၊ သတင်းစာတွေနဲ့ လူမှုကွန်ရက်တွေကနေ အကြမ်းဖက်မှုတွေ၊ အမုန်းတရားတွေ ပေါ်လာအောင် စစ်တပ်က လုပ်နေတယ်လို့ မနေ့ကကျင်းပတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ဆိုင်တဲ့ ကုလကော်မတီ အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။

သူတို့ကိုယ်တိုင် ဝါဒဖြန့်တာတွေ လုပ်နေတဲ့ စစ်တပ်ဟာ လွတ်လပ်တဲ့ သတင်းမီဒီယာသမားတွေကို ဖမ်းဆီးပြီး သတင်းအချက်အလက်ရယူခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်တွေကို ကန့်သတ်ထားတယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ သတင်းဌာန ၁၂ ခုကို ပိတ်သိမ်းခဲ့ပြီး သတင်းထောက် ၁၄၂ ဦးထက် မနည်းကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီထဲမှာ နိုင်ငံခြားသား သတင်းသမားတွေလည်း ပါပါတယ်။

သတင်းသမားတွေကို ဖမ်းဆီးတာဟာ အမှန်တရားကို ဆိတ်သုဉ်းစေဖို့ ရည်ရွယ်နေတာလို့ ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။

သတင်းစီးတင်းမှုနှေးအောင် ရည်ရွယ်ချက်နဲ့ စစ်ကောင်စီက နေရာဒေသတော်တော်များများကို အင်တာနက်တွေ ပိတ်ခဲ့တယ်လို့လည်း ပြောပါတယ်။