အင်တာနက်သုံးစွဲသူအခွင့်အရေးချိုးဖောက်မှု တရုတ်ထက် မြန်မာ ဆိုးရွားနေတယ်လို့ FEM အစီရင်ခံစာ ပြော

2022.10.18
Share on WhatsApp
Share on WhatsApp
အင်တာနက်သုံးစွဲသူအခွင့်အရေးချိုးဖောက်မှု တရုတ်ထက် မြန်မာ ဆိုးရွားနေတယ်လို့ FEM အစီရင်ခံစာ ပြော အင်တာနက်ဖြတ်တောက်ခံထားရသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ် ကျေးရွာပေါင်းစုံမှ ဒေသခံများ ၂ဝ၂၂ ခုနှစ် ဇွန်လ ၅ရက်နေ့တွင် ဆန္ဒထုတ်ဖော်စဉ်။
Photo: Citizen Journalist

အဆင့်မြင့်နည်းပညာသုံးပြီး အင်တာနက်သုံးစွဲသူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်တာ၊ ဖမ်းဆီးထောင်ချတာတွေ တရုတ်နိုင်ငံထက် မြန်မာနိုင်ငံက ပိုမိုဆိုးရွားနေတယ်လို့ Free Expression Myanmar –FEM အစီရင်ခံစာက ထုတ်ပြန်လိုက်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံဟာ အိမ်နီးချင်းတရုတ်နိုင်ငံနည်းတူ ဒစ်ဂျစ်တယ်အခွင့်အရေး ချိုးဖောက်မှုမှာ ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်လာတယ်လို့ အောက်တိုဘာ ၁၈ ရက်နေ့က ထုတ်တဲ့ FEM အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

FEM ရဲ့ စောင့်ကြည့်မှုတွေအရ မြန်မာနိုင်ငံမှာ အာဏာသိမ်းတဲ့ ၂ဝ၂၁ ခုနှစ်ကထက်စာရင် ၂ဝ၂၂ ခုနှစ်မှာ အင်တာနက်သုံးစွဲသူအခွင့်အရေးချိုးဖောက်ခြင်း ကဏ္ဍမှာ ပိုမိုကျဆင်းလာနေတယ်လို့လည်း ဆိုပါတယ်။

မြန်မာစစ်တပ်က အာဏာရှင်ဆန့်ကျင်သူတွေရဲ့ အွန်လိုင်းပေါ်ကနေ လှုပ်ရှားမှုတွေကို စောင့်ကြည့်ထောက်လှမ်းပြီး ဖမ်းဆီးထောင်ချတာ ပိုများလာသလို သေဒဏ်အပါအဝင် အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်တာလည်း တိုးလာတယ်လို့ FEM ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်အာဏာရှင်ဆန့်ကျင်တဲ့ အကြောင်းအရာတွေကို ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်မှာ Like ပေးတာ၊ ပြန်လည် မျှဝေတာနဲ့ NUG၊ CRPH၊ PDF အဖွဲ့တွေကို ငွေကြေးထောက်ပံ့တာတွေလုပ်ရင် အနည်းဆုံး ထောင်နှစ်နှစ်ကနေ သေဒဏ်အထိ ချမှတ်နိုင်တယ်လို့ စက်တင်ဘာ ၂၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ သတိပေး ခြိမ်းခြောက်ခဲ့ပါတယ်။ တစ်ကျပ်တစ်ပြားလေး လှူမိရုံနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ ငြိစွန်းပြီး ထောင် ၁ဝ နှစ်ကနေ သေဒဏ်အထိ ကျနိုင်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောခဲ့တာပါ။

စစ်ကောင်စီကို တော်လှန်ရေးအားကောင်းနေတဲ့ စစ်ကိုင်း၊ မကွေး၊ ချင်းတို့မှာ အင်တာနက် ဖြတ်တောက်ခံထားရတာ တစ်နှစ်ကျော် ရှိနေပါပြီ။

စစ်ကိုင်းတိုင်းက မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့် က အင်တာနက်အပိတ်ခံရလို့ တော်လှန်ရေးအင်အားစုတွေအပြင် လူထုမှာပါ အခက်အခဲတွေ ကြုံရတယ်လို့ ပြောပါတယ်။

"စစ်ကောင်စီဘက်က အင်တာနက်ကို ဒီလိုဖြတ်တောက်ခြင်းအားဖြင့် သူတို့(စစ်တပ်)ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကမ္ဘာမသိအောင် ဖုံးကွယ်ထားချင်လို့ ဒီလိုလုပ်တာပါ။ လူထုကလည်း သူတို့ရဲ့ လူနေမှုဘဝတွေ၊ စီးပွားရေးလုပ်ငန်းတွေမှာပါ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပေါ့။ "

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ ကယားပြည်နယ်က ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း မြို့နယ်တွေမှာလည်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပါတယ်။

ချင်းပြည်နယ်က မြို့နယ်အားလုံးနီးပါးမှာ အင်တာနက်အပိတ်ခံရတာ၊ ဖုန်းလိုင်းဖြတ်တောက်ခံရတာတွေကြောင့် သတင်းအချက်အလက် မှန်မှန်ကန်ကန် သိရှိရဖို့ ခက်ခဲနေပြီး နေ့စဉ်လူမှုဘဝမှာ ဆက်သွယ်ရေးအခက်အခဲမျိုးစုံကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။