တရုတ်နယ်စပ်ဂိတ်တွေကို KIA ထိန်းချုပ်ပြီးနောက် ကချင်မှာ စက်သုံးဆီဈေး အဆမတန် မြင့်တက်လာ

RFA Burmese
2024.12.04
တရုတ်နယ်စပ်ဂိတ်တွေကို KIA ထိန်းချုပ်ပြီးနောက် ကချင်မှာ စက်သုံးဆီဈေး အဆမတန် မြင့်တက်လာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်အား ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းက တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေအားလုံးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် တရုတ်နိုင်ငံဘက်က စက်သုံးဆီတင်သွင်းမှုပါ ရပ်ဆိုင်းသွားတဲ့အတွက် ကချင်ပြည်နယ်မှာ စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေက ဒီဇင်ဘာလ ၄ ရက်နေ့မှာ ပြောပါတယ်။

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့ပေါ်မှာ ဓာတ်ဆီ တစ်လီတာကို ကျပ်တစ်သောင်းကျော်အထိ ပေါက်ဈေးရှိနေပြီး ဖားကန့်နဲ့ ပူတာအိုမြို့တွေမှာတော့ တစ်လီတာကို ကျပ်နှစ်သောင်းကျော်အထိ ပေးဝယ်နေရတယ်လို့ ဆိုပါတယ်။

တရုတ်ဘက်နိုင်ငံဘက်ကနေ စက်သုံးဆီ အဝင်မရှိတော့သလို မန္တလေးကနေ စစ်ကိုင်းတိုင်ကို ဖြတ်လာရတဲ့ စက်သုံးဆီသယ်ယာဉ်တွေကလည်း တိုက်ပွဲတွေကြောင့် အလွယ်တကူ လာလို့မရတော့တာကြောင့် စက်သုံးဆီဈေး တက်လာတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကချင်ဘက်ကို ပို့နေတဲ့ ဆီဘောက်ဆာကားတွေက အရင်လို အဆင်ပြေပြေနဲ့ ဝင်လို့မရတာကြောင့်ပေါ့။ စစ်ကိုင်းဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတုန်းကဆို တရုတ်ဘက်နေ ဆီတွေဝင်တယ်။ အခုက တရုတ်နယ်စပ်ကို ပိတ်လိုက်တော့ အောက်ပိုင်းကနေပဲ တစ်စီးစ နှစ်စီးစ ဝင်တယ်။ လမ်းခရီးမှာ ကြန့်ကြာတာ သွားလို့မရတာ။ အဲဒီလိုတွေကြောင့် ဈေးတွေကြီးကုန်တာ။ ဆီလုံးဝ ပြတ်တောက်နေတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး”

မြစ်ကြီးနားမြို့မှာ အခုရက်ပိုင်း စက်သုံးဆီ အရောင်းဆိုင်ကြီးတွေမှာ လိုသလောက် ပြန်လည်ဝယ်ယူလို့ရနေပေမဲ့ ဖားကန့်နဲ့ ပူတာအိုမြို့မှာတော့ လိုအပ်သလောက် ဝယ်ယူလို့မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်ဘက်ကို ကုန်စည်တင်ပို့မှု ရပ်တန့်သွားပြီး စက်သုံးဆီအပြင် တခြားကုန်ဈေးနှုန်းတွေပါ အရင်နှစ်ထက် ဈေးနှစ်ဆခန့် မြင့်တက်နေတယ်လို ဆိုပါတယ်။

ဒီအခြေနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းနဲ့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူတို့ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ တိုက်ပွဲတွေဖြစ်နေတာ အပါအဝင် လမ်းခရီး အခက်အခဲတွေကြောင့် စက်သုံးဆီကို တရုတ်နိုင်ငံဘက်က အဓိက တင်သွင်းခဲ့တာပါ။

အောက်တိုဘာလ ၁၉ ရက်နေ့ကစပြီး ကချင်ပြည်နယ်ထဲက တရုတ်-မြန်မာ နယ်စပ်ဂိတ်အားလုံးကို တရုတ်ဘက်က ပိတ်ထားသလို ပြည်မဘက်က ကုန်ပစ္စည်းသယ်ယူရာမှာလည်း လမ်းခရီးတစ်လျှောက် စစ်ကောင်စီတပ်က တင်းကျပ်ထားတာကြောင့် ဒေသခံတွေ အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အဓိက ကုန်သွယ်ရေးဂိတ်ကြီးနှစ်ခုဖြစ်တဲ့ ကန်ပိုက်တီ (ကံပိုင်တည်) နဲ့ လွယ်ဂျယ် အပါအဝင် ကချင်ပြည်နယ်က တရုတ်-မြန်မာ နယ်စပ်ဂိတ် ၁၁ ခုလုံးကို KIA က သိမ်းပိုက်ထားပြီးနောက် ကချင်မှာရှိတဲ့ နယ်စပ်ကုန်သွယ်မှုအားလုံး ရပ်တန့်သွားပြီလို့ ဒေသခံတွေနဲ့ ကုန်သည်တွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။