စစ်ကောင်စီအပေါ် နောက်ထပ် ဒဏ်ခတ်ရလိမ့်မယ်လို့ သြစတြေးလျပြော

ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong
ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong (Photo - Penny Wong FB)

အာဏာသိမ်းစစ်ကောင်စီအပေါ် နောက်ထပ် ပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုတွေလုပ်ဖို့ သြစတြေးလျ အစိုးရက အလေးအနက် စဉ်းစားနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Penny Wong က ပြောလိုက်ပါတယ်။

စင်္ကာပူ နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးဌာန IISS မှာ မနေ့က ကျင်းပတဲ့ အမေး အဖြေကဏ္ဍအတွင်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပြောခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျ နိုင်ငံသား မစ္စတာ ရှောင်တာနယ်ကို စစ်ကောင်စီဘက်က ဖမ်းထားပါတယ်။ သူ့ကို ပြန်လွှတ်ပေးဖို့ သြစတြေးလျ အစိုးရဘက်က တစိုက်မတ်မတ် တောင်းဆိုနေတာပါ။

သြစတြေးလျ အစိုးရ အနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးရေး လမ်းကြောင်း ဖွင့်ထားပြီး၊ နောက်ထပ်လည်း ဆွေးနွေးကောင်း ဆွေးနွေးနိုင်တယ်လို့ မစ္စ Penny Wong က ဆိုပါတယ်။

မစ္စ Penny Wong ဟာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကလည်း မလေးရှားနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah နဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ပါတယ်။

NLD အစိုးရလက်ထက်က စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့တဲ့ ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တားနဲလ်ကို စစ်ကောင်စီက မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ-၃ (၁) (ဂ) အမှုနဲ့ စွဲချက်တင်ထားတာ ဖြစ်ပါတယ်။