စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ယောဒေသခံ ဆယ်ဦးသေဆုံး
2024.10.17
မကွေးတိုင်း ဂန့်ဂေါခရိုင် ယောဒေသကို အောက်တိုဘာလအတွင်း စစ်ကောင်စီက လေကြောင်းကနေ ရှစ်ကြိမ်တိုက်ခိုက်ခဲ့တာကြောင့်ဒေသခံဆယ်ဦး သေဆုံးပြီး သုံးဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က အောက်တိုဘာလ ၁၇ ရက်နေ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနှစ်စင်းက ဖျက်အားပြင်းဗုံးသီးတွေ၊ ရော့ကတ်တွေနဲ့ လေးကြိမ်ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ဘော်ပြင်းကျေးရွာမှာ ရောက်ရှိနေတဲ့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ရဲဘော်ကျော်ဟိန်းနဲ့ တပ်သား ရဲဘော်ကြာဇံတို့ နှစ်ဦးလည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ကိုးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၂၀ ခန့် ထိခိုက်ပျက်စီးခဲ့သလို အိမ်မွေးတိရစ္ဆာန်တွေလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ်လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ကတော့ ဘယ်နေ့တွေမှာ လုပ်ခဲ့တယ်ဆိုတာနဲ့ ထိခိုက်မှုအခြေအနေကို YPDF ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုတာမရှိပါဘူး။
ယောဒေသတွင်း တိုက်ပွဲဖြစ်တာမရှိတဲ့ အရပ်သားပြည်သူတွေနေရာကို စစ်ကောင်စီက လေကြောင်းကနေ နေ့စဉ်တိုက်ခိုက်နေတာကြောင့် စစ်ရာဇဝတ်မှုသာမက လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်နေတာဖြစ်တယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။
YPDF ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဖုန်းဆက်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကို ဆန့်ကျင်ရှုံ့ချပြီး ပြည်သူတွေနဲ့အတူ YPDF အနေနဲ့ အစွမ်းကုန်တွန်းလှန်တိုက်ခိုက်သွားမယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီကို တော်လှန်ရာမှာလည်း ပြည်သူလူထုတွေ ပူးပေါင်းပါဝင်ပေးကြဖို့နဲ့ စစ်ကောင်စီ လက်အောက်ခံ သတင်းပေးမလုပ်ဖို့ YPDF က မေတ္တာရပ်ခံထားပါတယ်။