ထိုင်းမှာ သေဒဏ်ကျနေသူ နှစ်ဦးကို ဗိုလ်ချုပ်ကြီး မြထွန်းဦး သွားရောက်တွေ့ဆုံ


2019.09.04
kohtao-622.jpg ထိုင်းနိုင်ငံ ခိုတောင်ကျွန်း လူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင် တရားရုံးမှာ ၂၀၁၉၊ သြဂုတ် ၂၉ ရက်နေ့က တွေ့ရစဉ်
Photo: REUTERS

တပ်မတော် ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးဟာ ထိုင်းနိုင်ငံမှာ သေဒဏ် ချမှတ်ခံထားရတဲ့ ရွှေ့ပြောင်းလုပ်သား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့နှစ်ဦးကို စက်တင်ဘာလ ၃ ရက်နေ့ မနေ့က ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ဖြတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦးကို တပ်မတော်ခေါင်းဆောင်တစ်ဦးက ပထမဆုံး သွားရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

သူတို့ရဲ့ နောက်ဆုံးအယူခံကို ထိုင်းတရားရုံးချုပ်က မကြာသေးခင်က ပယ်ချလိုက်ပြီးနောက်ပိုင်း ဘန်ခွမ်ဗဟိုအကျဉ်းထောင်မှာ ဆက်လက်အထိန်းသိမ်းခံနေရတဲ့ သူတို့နှစ်ဦး ကျန်းမာရေးကောင်းမွန်ကြောင်း သွားရောက်တွေ့ဆုံခဲ့တဲ့ တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးဆီက သိရတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကိုပြောပါတယ်။

"ကျန်းမာရေးအခြေအနေတော့ ကောင်းတယ်လို့တော့ သိရပါတယ်ခင်ဗျ။ ဗိုလ်ချုပ်ကြီး မြထွန်းဦး ကတော့ မနေ့က နေ့လယ်ပိုင်းမှာ အဲ့မှာသွားတွေ့ပါတယ်။ ကျနော်မျှော်လင့်တာတော့ အကောင်း ဘက်ကို မျှော်လင့်ပါတယ်"

သူတို့ကို ပြစ်ဒဏ် သက်သာခွင့်ရရေးအတွက် မြန်မာအစိုးရဘက်က ထိုင်းဘုရင်ထံ အယူခံဝင်နိုင်ရေး ဆောင်ရွက်နေသလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေနဲ့လည်း ထိုင်း ဝန်ကြီးချုပ်နဲ့ တွေ့ဆုံရာမှာ ကူညီဆောင်ရွက်ပေးဖို့ ပန်ကြားထားတာရှိကြောင်း ထောင်ဝင်စာတွေ့ချိန်မှာ ဗိုလ်ချုပ်ကြီး မြထွန်းဦးက လူငယ်နှစ်ဦးကို သတင်းစကားပါးခဲ့တယ်လို့ ဆိုပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို တက်ရောက်ဖို့ ထိုင်းနိုင်ငံကို ရောက်နေတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ထိုင်းဘုရင်ထံ မေတ္တာရပ်ခံစာ ပို့ပြီးနောက် ဘုရင်မင်းမြတ် စဉ်းစားတဲ့အခါ ကာကွယ်ရေးဦးစီးချုပ်က မေတ္တာရပ်ခံခဲ့တဲ့အချက်တွေကို ထည့်သွင်းစဉ်းစားနိုင်ချေ ရှိတဲ့အတွက် အခုလို ဆောင်ရွက်ပေးမှုဟာ များစွာအထောက်အကူဖြစ်တယ်လို့ သူတို့နှစ်ဦး အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

"အထောက်အကူဖြစ်ပါတယ်။ အထောက်အကူဖြစ်ရုံတင်မကဘူး အလေးအနက်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်က ဘုရင့်ခံအသနားခံစာကို တင်ပြီးအောင် ဆောင်ရွက်ဖို့လိုပါတယ်။ အဲ့သနားခံစာ တက်သွားတဲ့အခါ ထိုင်းအစိုးရက စဉ်းစားတဲ့အခါ ကာချုပ်ကြီးတို့ လာရောက်ပြောသွားတဲ့ဟာက များစွာအထောက်အကူဖြစ်ပါတယ်ခင်ဗျ"

ကာကွယ်ရေးဦးစီးချုပ်က ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦးအမှုကို အရင်ကတည်းက  စိတ်ဝင် တစား ရှိကြောင်းလည်း ဦးသိန်းစိန် အစိုးရလက်ထက်က ခန့်အပ်ထားတဲ့ လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းရေးကော်မတီရဲ့ တာဝန်ခံ ဦးထူးချစ်က ပြောပါတယ်။

"ကာကွယ်ရေးဦးစီးချုပ်က ရံဖန်ရံခါ ထိုင်းနိုင်ငံက ကာကွယ်ရေးဦးစီးချုပ်တွေနဲ့ တွေ့တဲ့အခါ ဒီကလေးတွေအတွက် တရားဥပဒေအရ မျှမျှတတ ဆောင်ရွက်ပေးပါဆိုတာမျိုး သူခဏခဏ ပြောတာ ကျနော်တို့ ပြန်ပြန်ကြားရတယ်။ အခု သူတို့လုပ်သွားတဲ့ လုပ်ပုံကိုင်ပုံတွေအရဆိုရင် စိတ်ဝင်စားမှု တော့ရှိတာပေါ့"

မနက်ဖြန်မှာလည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး တာဝန်ရှိသူတွေက  သူတို့နှစ်ဦးကို ထောင်ဝင်စာ သွားတွေ့မယ်လို့ သိရပါတယ်။

သူတို့တွေအနေနဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံဖို့ ဆန္ဒရှိမယ်ဆိုရင် တွေ့နိုင်အောင် စီစဉ်ပေး သွားမယ်လို့လည်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ထိုင်းနိုင်ငံ ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းကို လာရောက်လည်ပတ်တဲ့ ဗြိတိန်နိုင်ငံသားစုံတွဲကို သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုပြီး ထိုင်းတရားရုံးက သူတို့ကို ၂၀၁၅ ခုနှစ်က သေဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

သူတု့ိအမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာ၊ တရားရုံးကြားနာမှုတွေမှာ ရဲတပ်ဖွဲ့ရဲ့ နှိပ်စက်ညှဉ်းပန်း ခြိမ်းခြောက်မှုတွေ၊ သက်သေမှားယွင်းမှုတွေ ရှိခဲ့တယ်ဆိုတဲ့ အငြင်းပွားဖွယ်ရာတွေ ပေါ်ပေါက်ခဲ့တဲ့ကြားက သေဒဏ်ချမှတ်ခဲ့တာလို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

သူတို့နှစ်ဦး ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ရရှိဖို့ နောက်ဆုံးအခွင့်အရေးဖြစ်တဲ့ ထိုင်းဘုရင်ထံ တင်သွင်းမယ့် အယူခံကို အောက်တိုဘာလကုန် နောက်ဆုံးထားပြီး တင်သွင်းရမှာ ဖြစ်ပါတယ်ရှင်။

(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။