လေကြောင်းက ကုန်ကြမ်းပို့ပေမယ့် စက်ရုံပိတ်မှု ရှိနေဆဲ

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကုန်ကြမ်းပြတ်လပ်မှုတွေကို ထိန်းနိုင်ဖို့ အတွက် မြန်မာနိုင်ငံအနေနဲ့ ကုန်ကြောင်းကနေ ပို့ဆောင်တာတွေရှိသလို မနေ့ကတော့ လေကြောင်းလိုင်းနဲ့ပါ ကုန်ကြမ်းတင်သွင်းနေရပါပြီ။ စက်ရုံတွေအနေနဲ့ ကုန်ကြမ်းမှာယူ တင်သွင်းတာတွေ ရှိပေမယ့် စက်ရုံ ပိတ်သိမ်းမှုတွေကတော့ ရှိနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကုန်ကြမ်းပြတ်လပ်ပြီး ပိတ်သိမ်းရတဲ့ အထည်ချုပ်စက်ရုံတွေ မြန်မာနိုင်ငံအတွင်း ရှိလာနေချိန်မှာ တရုတ်စက်ရုံ ၁၁ ခုက ကုန်ကြမ်းတွေကို လေကြောင်းလိုင်းကတဆင့် မှာယူလိုက်ပြီး မတ်လ ၁၇ ရက်နေ့ မှာ ရန်ကုန်ကို ရောက်လာခဲ့ပါတယ်။

မနေ့က ရောက်လာတဲ့ ကုန်ကြမ်း ၁၅ တန်ဟာတရုတ်နိုင်ငံ ကွမ်ကျိုးကနေ ရောက်လာတာ ဖြစ်ပြီး ဧပြီတစ်လထဲအတွက် သီးသန့်မှာယူတာ ဖြစ်တယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါ တယ်။

မြန်မာနိုင်ငံအတွက် ကုန်ကြမ်းလိုအပ်မယ်ဆိုရင် တရုတ်နိုင်ငံကို ကိုယ်စားလှယ် စေလွှတ်ပြီး ဝယ်ဖို့အထိ စီစဉ်ထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တွဲဖက်အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

အထည်ချုပ်လုပ်ငန်းတွေအတွက် ကုန်ကြမ်းပစ္စည်းတွေဟာ ရေလမ်း၊ ကုန်းလမ်းကနေ အရင်ကမှာယူလို့ ရပေ မယ့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားပြီးနောက်ပိုင်းမှာ ကုန်လမ်းကပဲ ဝင်ရောက်မှုတွေရှိနေပါတယ်။

ကုန်ကြမ်း ဝင်ရောက်မှုတွေ ရှိနေတယ်လို့ ပြောနေပေမယ့် ပိတ်သိမ်းလိုက်တဲ့ စက်ရုံတွေက အလုပ်သမားတွေကတော့ စားဝတ်နေနရေး အခက်အခဲ ဖြစ်နေပါတယ်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းက အထည်ချုပ်စက်ရုံတွေ အပါအဝင် ဖိနပ်စက်ရုံ၊ အိတ်စက်ရုံနဲ့ စက္ကူစက်ရုံ အားလုံးပေါင်း ၁၈ ရုံက ပိတ်သိမ်း သွားပြီး နောက်ထပ်ပိတ်ဖို့ ရုံ ၂၀ လောက် ဝန်ကြီးဌာနကို စာရင်းတင်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် CTUM မဖြိုးစန္ဒာစိုးက ပြောပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမှာ စက်ရုံ ၂၀ ကျော်က လုပ်သားလျှော့ချဖို့၊ လုပ်ငန်းယာယီ ပိတ်သိမ်းဖို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို စာတင်ထားတဲ့အတွက် အလုပ်လက်မဲ့ တစ်သောင်းကျော်အထိ ရှိလာနိုင်တယ်လို့ သက်ဆိုင်ရာ ဝန်ကြီးဌာနက ပြောပါတယ်။

ပိတ်သိမ်းလိုက်တဲ့ စက်ရုံတွေထဲမှာ အလုပ်ရှင်အလုပ်သမား ပြဿနာဖြစ်နေတဲ့ စက်ရုံတွေလည်း ပါဝင်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံက ကုန်ကြမ်းပြတ်လပ်ပြီး ပိတ်လိုက်တဲ့စက်ရုံ အများဆုံး ဖြစ်နေပါတယ်။

လာမယ့် မတ်လအကုန်အထိ လုပ်သားအင်အားလျှော့မယ့် စက်ရုံတွေ ရှိလာနိုင်သေးတယ်လို့ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ အသင်းချုပ် ဒုဥက္ကဋ္ဌ တစ်ဦးဖြစ်တဲ့ ဦးကျော်ဝင်းက ခန့်မှန်းပါတယ်။

ကုန်ကြမ်းပစ္စည်းတွေ ဝင်ရောက်တာရှိပေမယ့် ကုန်ကြမ်းပြတ်တာတွေ ကြုံနေရတဲ့ စက်ရုံတွေ အတွက်လိုအပ်ချက် ကတော့ ၉၀ ရာခိုင်နှုန်းလောက် ရှိနေသေးတယ်လို့ ဆိုပါတယ်။

အထည်ချုပ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားသား ၈၀ ရာခိုင်နှုန်းလောက်ရှိပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုက ၂၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ စက်ရုံပိတ်သိမ်းတယ် ဆိုတာမျိုးက နိုင်ငံခြားသားပိုင် စက်ရုံတွေ ပိုများတယ်လို့ ဦးကျော်ဝင်းက ပြောပါတယ်။

ကုန်ကြမ်း ပြတ်တာလို့ဆိုပြီး ဖေဖော်ဝါရီလအတွင်းမှာ ရန်ကုန်တိုင်းမှာရှိတဲ့ လက်ကီးစကိုင်း အိတ်စက်ရုံ၊ ဟန်တာအထည် ချုပ်စက်ရုံ၊ ဧရာဝတီ တိုင်းတွင်းက ဟွာမှုန် အထည်ချုပ်လုပ်ငန်းတို့ ပိတ်လိုက်ပါတယ်။ အခု မတ်လထဲမှာဆိုရင် ရွှေပြည်သာ က Myanmar Royal Apolo စက်ရုံက လုပ်ငန်းရှင်ထွက်ပြေးသွားပြီး၊ လှိုင်သာယာ အထည်ချုပ်စက်ရုံ တစ်ခုက လုပ်ငန်းရှင်လည်း ထွက်ပြေးသွားပါတယ်။

စက်ရုံတွေ အမှန်တကယ် ကုန်ကြမ်းပြတ်လို့ ပိတ်သွားတာ ဟုတ်မဟုတ်ဆိုတာကို အစိုးရဘက်က စိစစ်ဖို့လိုအပ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ဒေါ်မျိုးမျိုးအေးက ထောက်ပြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံနဲ့ နယ်မြေချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးအရ အထိနာမှုတွေ တနေ့တခြား သိသာလာနေပါပြီ။ အထည်ချုပ်လုပ်ငန်းတင်မက နယ်စပ် ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ရေထွက်ကုန် ပစ္စည်းတင်ပို့မှုနဲ့ တရုတ် - မြန်မာဆက်စပ်ပြီး လုပ်ကိုင်နေတဲ့ အခြားစီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက်နစ်နာမှုတွေ ရှိလာနေပါတယ်။