ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်ဘေးလွတ်စာရင်းမှာ ပထမဦးဆုံးအကြိမ် မြန်မာ ပါဝင်လာ

စစ်ကောင်စီ၏ စစ်ကြောရေးအတွင်း သေဆုံးခဲ့သည့် ဓာတ်ပုံသတင်းထောက် ဦးအေးကျော်ကို တွေ့ရစဉ်။
စစ်ကောင်စီ၏ စစ်ကြောရေးအတွင်း သေဆုံးခဲ့သည့် ဓာတ်ပုံသတင်းထောက် ဦးအေးကျော်ကို တွေ့ရစဉ်။ (Photo: Hay Marn)

နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်ရေးကော်မတီ (CPJ) ကထုတ်ပြန်တဲ့ ၂၀၂၂ ခုနှစ်အတွက် သတင်းထောက်တွေ အသတ်ခံရပေမယ့် တရားခံတွေ လွတ်မြောက်နေ တဲ့ ကမ္ဘာလုံးဆိုင်ရာစာရင်း (ရာဇဝတ်ဘေးလွတ် အညွှန်းကိန်းအဆင့်) ထဲမှာ မြန်မာနိုင်ငံ က ပထမဦးဆုံးအကြိမ် ပါဝင်လာပါတယ်။

CPJ ရဲ့ အဲဒီစာရင်းဇယားကို နိုဝင်ဘာလ ၁ ရက် မနေ့ကထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံက အဆင့် ၈ နဲ့ ပထမဆုံးအကြိမ် ပါဝင်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် သတင်းထောက်အများအပြား ဖမ်းဆီး ထောင်ချခံထားရသလို သတင်းသမား အနည်းဆုံးသုံးဦးလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ CPJ ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ CPJ ရဲ့ သတင်းသမား ဖမ်းဆီးခံရမှု အများဆုံးနိုင်ငံ စာရင်းမှာလည်း မြန်မာနိုင်ငံက တရုတ်နိုင်ငံနောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်း လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း သတင်းသမားတွေ အသတ်ခံရတဲ့ဖြစ်ရပ် ၂၆၃ ခုမှာ တရားခံ ၈၀ ရာခိုင်နှုန်းဝန်းကျင်က အပြစ်ပေးမခံရဘူးလို့ CPJ ရဲ့ နိုဝင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RFA က မှတ်တမ်းတင်ထားတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ သတင်းသမား ၁၄၂ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ အဲဒီအထဲမှာ ထောင်ဒဏ်ချမှတ်ခံ ထားရသူ ၃၆ ဦး၊ ပုဒ်မအမျိုးမျိုးနဲ့ တရားရင်ဆိုင်နေရသူ ၉၅ ဦးရှိပြီး၊ ပြန်လည်လွတ်မြောက် လာသူ အရေအတွက်က ၁၁ ဦး ဖြစ်ပါတယ်။