ရွှေဈေးနဲ့ ဒေါ်လာဈေး သမိုင်းမှာ မကြုံဖူးလောက်အောင် မြင့်တက်နေ

စစ်တပ်အာဏာသိမ်းချိန်ကစလို့ ပြည်တွင်း ဒေါ်လာဈေးနဲ့ ရွှေဈေး ဆက်တိုက်မြင့်တက် နေပြီး ဇူလိုင် ၁၉ ရက် ဒီကနေ့မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ကျပ် ၂၄၀၀ ထိ မြင့်တက်သွားတယ်လို့ နိုင်ငံခြားငွေ လဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တစ်ဒေါ်လာကို ကျပ် ၂၀၀၀ သာ ရှိခဲ့ပြီး ရက်အနည်းငယ်အတွင်း ကျပ် ၂၄၀၀ ထိ ခုန်တက်သွားတာဖြစ်ပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလ ၃၁ ရက်နေ့က ပြင်ပပေါက်ဈေး အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ကျပ် ၁၃၄၀ သာ ရှိခဲ့တယ်လို့ ပုဂ္ဂလိကဘဏ်တစ်ခုကနေ ကိုယ်တိုင် အမေရိကန်ဒေါ်လာ ဝယ်ယူခဲ့သူတစ်ဦးက RFA ကို ပြောပါတယ်။

ဒီကနေ့ ဇူလိုင် ၁၉ ရက် အကယ်ဒမီအခေါက်ရွှေဈေးကတော့ တစ်ကျပ်သားကို ကျပ် ၂၁ သိန်းအထိ မြင့်တက်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က ရွှေဆိုင် ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး နှစ်လကျော်အကြာ ၂၀၂၁ ဧပြီလဆန်းမှာ အခေါက်ရွှေ တစ်ကျပ် သားကို ကျပ် ၁၀ သိန်း ဝန်းကျင်သာ ပေါက်ဈေးရှိခဲ့ပါတယ်။ အခုလိုအချိန်မှာ လူတွေက ခိုင်မာတဲ့ရွှေလို ပစ္စည်းမျိုးကို အလုအယက် ဝယ်ယူစုဆောင်းမှုကြောင့် ရွှေဈေးမြင့်တက် လာတာလို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်တွေအဖြစ် နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ဗဟိုဘဏ်ရဲ့ အမေ ရိကန်ဒေါ်လာ ကန့်သတ်ချက်တွေကြောင့် အခုလို ဒေါ်လာဈေးနဲ့ ရွှေဈေး ရုတ်တရက် ခုန်တက်သွားတာလို့ RFA ကို ပြောပါတယ်။

“ဗဟိုဘဏ်က သတ်မှတ်တဲ့ ဒေါ်လာဈေးနဲ့ကတော့ သွယ်ဝိုက်ပြီးတော့ ဆိုင်တယ်။ အပြင်မှာက အရောင်းအဝယ်လုပ်လို့ မရဘူး။ ရွှေတစ်ခုတည်းမှ မဟုတ်ပါဘူး။ ကမ္ဘာ့ ရွှေဈေးက ကျနေပေမယ့် ပြည်တွင်းမှာ ဒေါ်လာဈေးတက်နေလို့ ရွှေဈေးနှုန်းက မြင့် တက်နေရတာဖြစ်တယ်။ ဒေါ်လာလိုချင်လို့ အလုအယက် ဝယ်ကြလို့ အခုလိုတွေ ဖြစ်နေတာ။ သွင်းကုန်အတွက် ဒေါ်လာဝယ်တာတွေရှိတယ်။ ပြည်တွင်းမှာ နိုင်ငံခြား ချေးငွေတွေ ပေးစရာရှိလို့ ဒေါ်လာဝယ်တာတွေရှိတယ်။ ဒေါ်လာကလည်း ပြည်တွင်းမှာ လိုနေတဲ့အခါကျတော့ ဒေါ်လာ လိုအပ်ချက်နဲ့အညီ ဒေါ်လာဈေးက တက်သွားတဲ့ သဘောပဲ ဖြစ်ပါတယ်ဗျ”

စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဒေါ်လာကန့်သတ်ချက်အမိန့်ကို အခုနှစ်ဆန်းမှာ ထုတ်ပြန်ခဲ့ ပြီး ဗဟိုဘဏ်ပေါက်ဈေး အမေရိကန် တစ်ဒေါ်လာကို ကျပ် ၁၈၅၀ သာ သတ်မှတ်ထား ပါတယ်။ ဒေါ်လာငွေ သုံးစွဲလုပ်ကိုင်ရတဲ့ နိုင်ငံခြားသား အစုရှယ်ယာပါဝင်တဲ့ ကုမ္ပဏီတွေ အပါအဝင် သွင်းကုန်ထုတ်ကုန် လုပ်ငန်းအားလုံး လုပ်ကိုင်တဲ့ ကုမ္ပဏီတွေရဲ့ ဒေါ်လာသုံးစွဲ မှုကို ကန့်သတ်ထိန်းချုပ်ထားပါတယ်။

ဒါ့အပြင် ဒေါ်လာစီးဆင်းမှုကို ထိန်းချုပ်တဲ့အနေနဲ့ လုပ်ငန်းအတွက် ပြည်ပကနေ ဒေါ်လာ ချေးယူလုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးတွေ ပြည်ပချေးငွေ ပြန်ဆပ်မှုကို ဆိုင်းငံ့ထားဖို့ စစ် ကောင်စီ ဗဟိုဘဏ်က ဇူလိုင် ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။