ရန်ကုန်မြို့လယ် အကြမ်းဖက် ဖြိုခွင်းမှု စုံစမ်းရေးကော်မရှင် ဖွဲ့စည်း

0:00 / 0:00

0:00 / 0:00

ပြီးခဲ့တဲ့ မတ်လ ၅ ရက်ကြာသာပတေးနေ့က ရန်ကုန် မြို့တော်ခန်းမရှေ့မှာ အမျိူးသား ပညာရေး ဥပဒေပြုပြင်ပြောင်းလဲရေးအတွက် ဆန္ဒပြကြတဲ့ ကျောင်း သူကျောင်းသားတွေကို လူစုခွဲဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ဖြစ်ရပ်မှန်ကို စုံစမ်းစစ်ဆေးဖို့အတွက် ဆိုပြီး နိုင်ငံတော်သမ္မတက စုံစမ်းရေးကော်မရှင်တစ်ရပ် ကို မနေ့ကရက်စွဲနဲ့ ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။

ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ အဲ့ဒီဖြစ်စဉ် နဲ့ ဆောင်ရွက်ချက်တွေကို ဥပဒေနဲ့ ညီညွတ်မှုရှိ- မရှိ လုပ်ထုံးလုပ်နည်း မှန်ကန်မှုရှိ- မရှိ စစ်ဆေးဖို့အပြင် အလားတူ ဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်ရအောင် ကြိုတင် ကာကွယ်ဆောင်ရွက်သင့်တဲ့ အကြံပြူချက်တွေတင်ပြဖို့ အတွက် ဒီကော်မရှင်ကို ဖွဲ့စည်းတာဖြစ်တယ်လို့ လည်း ဖော်ပြထားပါတယ်။

စုံစမ်းရေးကော်မရှင်တစ်ရပ်အနေနဲ့ အဖြစ်မှန်ကိုသိနိုင်ဖို့ အတွက် အမှန်ကန်ဆုံး ဆောင်ရွက်စစ်ဆေးသွားမယ်လို့ ကော်မရှင်ရဲ့အတွင်းရေးမှူးဖြစ်တဲ့ ရန်ကုန်တိုင်း အစိုးရ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့် က RFA ကိုပြောပါတယ်။

"ဒီဥစ္စာကတော့ ကျနော်တို့ စစ်ဆေးတွေ့ရှိပြီးတော့ လောလောဆယ် ကျနော်တို့အဖွဲ့ဝင်တွေနဲ့ မတွေ့ရသေး ပါဘူး၊ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ကျနော်တို့ သမ္မတဆီ တင်မှာပါ၊ အမှန်တိုင်းပြောရရင် အမှန်ကန်ဆုံး ကျနော်တို့လုပ်ဆောင်သွားမှာပါ၊ ဒီအတွက်ကိုလည်း ကျနော်တို့အပြောအဆိုမခံပါဘူး၊ ဒါတော့ကျနော်ပြော ရဲပါတယ်၊ ဘက်စုံ ထောင့်စုံ ကျနော်တို့လုပ်သွားမှာပါ"

အခုဖွဲ့စည်းလိုက်တဲ့ စုံစမ်းရေးကော်မရှင်ထဲမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က ဥက္ကဌအဖြစ်တာဝန်ယူထားပြီး အဖွဲ့ဝင် ၃ ဦးနဲ့ အတူ အတွင်းရေးမှူးတစ်ဉ်ီးအပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၅ ဦးနဲ့ ဖွဲ့စည်း လိုက်တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့မှာဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်တဲ့ စစ်ဆေးတွေ့ရှိချက်တွေကို ဒီစုံစမ်းရေးကော်မရှင်က လာမယ့် မတ်လ ၃၁ ရက်နေ့နောက်ဆုံးထားပြီး သမ္မတဆီ အစီရင်ခံစာတင်သွင်းရမှာလည်း ဖြစ်ပါတယ်။

ကော်မရှင် အတွင်းရေးမှူးဖြစ်သူ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့် ကို RFA ဝိုင်းတော်သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

တဆက်တည်း အခုလို စုံစမ်းရေးကော်မရှင်ဖွဲ့စည်းမှုနဲ့ ပတ်သက်လို့ဘဲ သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို RFA ဝိုင်းတော်သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။