အစိုးရဆန့်ကျင်တဲ့လုပ်ရပ်တွေ မလုပ်ဖို့ အရပ်ဖက်အဖွဲ့ထံ စာပို့

ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်က အရပ်ဖက် အဖွဲ့အစည်းတွေ စုပေါင်းပြီး မြောက်ဦးဖြစ်စဉ်နဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးကိစ္စ ဆွေးနွေးမယ့်ပွဲမှာ အစိုးရကို ဆန့်ကျင်တဲ့ အသုံးအနှုန်းတွေ လုပ်ရပ်တွေ မပြုလုပ်ကြောင်း ကတိခံဝန်ချက်တင်ပြဖို့ ပြည်နယ်အစိုးရက ဆွေးနွေးပွဲ ဦးဆောင်ကျင်းပသူတွေထံ စာပေးပို့လိုက်ပါတယ်။

အဲဒီဆွေးနွေးပွဲကို လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စစ်တွေမြို့က ခိုင်သဇင်ခန်းမမှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပြီး ခန်းမအသုံးပြုခွင့်ကို ပြည်နယ် စည်ပင်သာယာရေး ကော်မတီထံ စာတင်ထားတာဖြစ်ပါတယ်။ အဲဒီခန်းမကို လှုမှုအဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုကြောင့် ၂၀၁၅ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး ခန်းမ အသုံးပြုခွင့်ပေးဖို့ စာတင်တာကို အခုလိုတုံ့ပြန်တာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ မြို့နယ်ပေါင်းစုံ လူမှုအဖွဲ့အစည်းများ အစည်းအဝေး ကျင်းပရေးကော်မတီ က ဦးစိုးနိုင် က ပြောပါတယ်။

"ဒီခန်းမ ဆောက်တဲ့ရည်ရွယ်ချက်က အရင်တည်းက လူမှုအဖွဲ့အစည်းတွေက တောင်းဆိုလို့ Public Centre အနေနဲ့ ဆောက်တာပါ။ ဒါပေမယ့် အခုမှလာပြီးတော့ NGO တွေ Data ရှိရမယ်။ အစိုးရကို ဆန့်ကျင်တဲ့ အပြု အမူမျိုး မဖြစ်ရဘူးဆိုတာ ဒီမိုကရေစီ အစိုးရတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ လက္ခဏာလားဆိုတာကို သံသယ အများကြီး ရှိတယ်။ အစိုးရတစ်ရပ်အနေနဲ့ ဒီလိုဝင်စွက်ပြီးတော့ သိမ်းလိုက်တယ်ဆိုတာက အစိုးရကိုယ်တိုင် ဒီမိုကရေစီ ကိုမလေးစားလို့ပဲ ဖြစ်ပါတယ်။ ကျနော်တို့ ရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရက ဒီလိုတုံ့ပြန်တာကို စိတ်မကောင်းကြီးစွာ ခံစားရပေမယ့် ကျနော်တို့ အစိုးရကရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပါတယ်"

အရပ်ဖက် အဖွဲ့အစည်းတွေ စုပေါင်းပြီး ရခိုင်ပြည်နယ် မြောက်ဦးဖြစ်စဉ်နဲ့ မောင်တောတောင်ပိုင်း၊ မယူကမ်းခြေ တလျှောက်မှာ တိုင်းရင်းသားတွေ အခြေချနေထိုင်နိုင်ရေးအတွက် မွတ်စလင် ဒုက္ခသည်တွေကို ပြန်လည် နေရာချထားတာ မလုပ်ဖို့ ကိစ္စတွေကို ဆွေးနွေးဖို့အတွက် စီစဉ်ထားတာဖြစ်ပါတယ်။

လက်ရှိအနေအထားအရ ခိုင်သဇင်ခန်းမ မဟုတ်ဘဲ တခြားနေရာမှာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဦးစိုးနိုင် က ပြောပါတယ်။

စစ်တွေမြို့ ခိုင်သဇင်မြို့တော်ခန်းမကို NGO အဖွဲ့အစည်းတွေအနေနဲ့ ဌားရမ်းမယ်ဆိုရင် တရားဝင်အသင်း အဖွဲ့မှတ်ပုံတင်နဲ့ တင်ပြရမှာ ဖြစ်တယ်လို့လည်း စည်ပင်သာယာရေးကော်မတီရဲ့ အကြောင်းပြန်စာမှာ ထည့်သွင်းရေးသားထားပါတယ်။