ဝန်ထမ်းလစာတိုးစာရင်းတင်ပြဖို့ အစိုးရကို လွှတ်တော်တောင်းဆို
2015.03.20

အစိုးရရဲ့ ၂ဝ၁၅ ခုနှစ် ရသုံးခန့်မှန်းခြေဘတ်ဂျက် စာရင်း ဥပဒေမူကြမ်းမှာ နိုင်ငံ့ဝန်ထမ်းတွေအတွက် လစာတိုးပေးဖို့ လျာထားချက်စာရင်းကို မတ်လ၂၃ ရက်နေ့ နောက်ဆုံးထားပြီးတင်ပြဖို့ ပြည်ထောင်စု လွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
အဲ့ဒီအဆိုကို ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြည်ထောင်စု လွှတ်တော်မှာ အခုလို တင်သွင်းခဲ့တာဖြစ်ပါတယ်။
"ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းထားသည့် ၂ဝ၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေကြမ်းအတည်ပြုနိုင်ရန် တိုးမြှင့်ပြင်ဆင်ပေးမည့်လစာနှုန်းများ လျာထားချက်စာရင်းကို ၂၃ ရက်၊ ၃ လ၊ ၂ဝ၁၅ နောက်ဆုံးထား ပေးပို့နိုင်ရေး၊ ပြည်ထောင်စု လွှတ်တော်နှင့် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို နာယကကြီးှမှတဆင့် လွှတ်တော်သို့ တင်သွင်းအပ်ပါတယ်ခင်ဗျား"
ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ လင်းအောင်က နိုင်ငံ့ဝန်ထမ်းတွေကို လစာတိုးပေးမယ်ဆို ရင် နောက်ဆက်တွဲ အကျိုးဆက်တွေအတွက် ဘယ်သူတွေက တာဝန်ယူမလဲဆိုပြီး ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
"တကယ်လို့ လစာနှုန်းထားတိုးမြင့်မှုနဲ့ ပတ်သက်လို့ နှုန်းထားလျာထားချက်စာရင်းတွေကို မဖြစ်မနေဆောင်ရွက်ပေးရမယ်ဆိုရင် ဒီအပေါ်မူတည်ပြီးတော့မှ ဖြစ်လာမယ့်အကျိုးဆက်တွေအတွက် တိတိကျကျပြောရရင်တော့ ယခုဖြစ်နေတဲ့ အလုပ်သမား လုပ်ခပြဿနာမျိုးတွေဟာ ပိုမိုကြီးထွားလာခဲ့ရင် ဘယ်လိုဖြေရှင်းကြမလဲ၊ ဘယ်သူတွေက တာဝန်ယူဖြေရှင်းကြမလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိလာပါတယ်၊ ဒါ့အပြင် လွှတ်တော်ကအဆိုတင်သွင်းတဲ့အပေါ်မှာ အစိုးရအနေနဲ့ ထိုက်သင့်တဲ့ လိုက်လျောဆောင်ရွက်ပေးမှုတွေအတွက်လည်း ဒီဖြစ်လာမယ့်ပြဿနာတွေအပေါ်မှာ ဖြေရှင်းဆောင် ရွက်ပေးဖို့ ဘယ်သူ့မှာတာဝန်ရှိသလဲ၊ အခြေခံဥပဒေအရ အုပ်ချုပ်ရေးတာဝန်ယူရတဲ့ အစိုးရမှာ အဓိကတာဝန်ရှိသလိုပဲ၊ အဆိုတင်သွင်းတဲ့ လွှတ်တော်မှာရော တာဝန်မရှိဘူးလားဆို တဲ့ မေးခွန်းတွေလည်းရှိလာပါတယ်"
လက်ရှိနိုင်ငံ့ဝန်ထမ်းအင်အား တစ်သန်းလေးသိန်းနီးပါးနဲ့ ပင်စင်စား ရှစ်သိန်းတစ်သောင်းကျော်ရှိတဲ့အတွက် အစိုးရရဲ့ ဝန်ထမ်းနဲ့ပင်စင်လစာ တစ်နှစ်အသုံးစရိတ်ဟာ ကျပ် ၂. ၄ ထရီလီယံနီးပါးရှိကြောင်း ဒုတိယဝန်ကြီး ဒေါက်တာ လင်းအောင်က ထည့်သွင်းတင်ပြခဲ့ပါတယ်။
အဆိုကို ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်တဲ့သူ မရှိတဲ့အတွက် အတည်ပြုလိုက်ပါတယ်။