စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာအုပ်စုအနီးမှာရှိတဲ့ ဂရိတ်ဝေါလ် သကြားစက်ရုံဟာ ဧရာဝတီမြစ်ထဲကို ရေဆိုးတွေ စွန့်ပစ်နေတာ စစ်ဆေးတေ့ွရှိထားကြောင်းနဲ့ ဆက်လက်စွန့်ပစ်မှု ရှိ၊ မရှိကို စောင့်ကြည့်ဖို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် က အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ညွှန်ကြားထားပါတယ်။
စက်ရုံတာဝန်ရှိသူတွေက ရေဆိုးတွေကို ဧရာဝတီမြစ်ထဲကို မစွန့်ပစ်တော့ဘူးလို့ ကတိပေးထား ပေမယ့် စက်ရုံပြန်လည်ပတ်မယ့် နိုဝင်ဘာလမှာ စောင့်ကြည့် စစ်ဆေးမှာဖြစ်တယ်လို့ ထီးချိုင့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်က ပြောပါတယ်။
"အရင်တုန်းက အခုလို ထိထိရောက်ရောက် စစ်ဆေးမှုတွေ မရှိခဲ့ဘူးခင်ဗျ။ အခုအစိုးရ လက်ထက်မှာတော့ သဘာဝပတ်ဝန်းကျင်ကို ဦးစားပေးလုပ်တဲ့အတွက် ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်စစ်ဆေးတာမှာ တွေ့ ရှိခဲ့တာပါ။ စက်ရုံဘက်က ပေးထားတဲ့ ကတိကဝတ်အတိုင်းပဲ သူတို့ စက်ရုံ ၁၁ လပိုင်းမှာ လည်မယ်ပြော တယ်။ လည်တဲ့အခါလည်း သူတို့ဒီအညစ်ကြေးတွေကို တကယ်သန့်စင်မှု ရှိမရှိ၊ ခရိုင်အုပ်ချုပ်ရေးမှုးနဲ့တကွ ကျွန်တော်တို့လွှတ်တော်ကိုယ်စား လှယ်တွေ စစ်ဆေးမှာပါခင်ဗျ"
ဂရိတ်ဝေါလ်သကြားစက်ရုံကို အရေးယူတာမျိုးမရှိပေမယ့် နောက်ထပ် စွန့်ပစ်တာတွေ မလုပ်ဖို့ သတိပေးထား ပါတယ်။
စက်ရုံကထွက်ရှိတဲ့ ရေဆိုးတွေကို ဧရာဝတီမြစ်ထဲကို တိုက်ရိုက်စွန့်ပစ်တဲ့အတွက် အနံ့ဆိုးတွေ ထွက်ပေါ်နေ တယ်လို့ ဦးသိန်းဟန် က ပြောပါတယ်။
အခုချိန်မှာ ကြံပေါ်တဲ့ ရာသီမဟုတ်သေးတဲ့အတွက် စက်ရုံလည်ပတ်မှုမရှိသေးဘဲ ရပ်နား ထားတာဖြစ်ပါတယ်။
ရေဆိုးစွန့်ပစ်တာတွေကြောင့် အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာ ၅ ရွာလောက်ဟာ အနံ့ဆိုးတွေ ခံစားနေရပြီး မသန့်ရှင်းတဲ့ ရေတွေကို အသုံးပြုနေရသလို ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ကျေးရွာတွေကလည်း ရေဆိုးဒဏ် ခံနေရတာဖြစ်ပါတယ်။