တစ်ပတ်အတွင်း ဖြေရှင်းပေးဖို့ အလုပ်မရသေးတဲ့ ဆရာတွေ တောင်းဆို


2017.07.29
green-ribbon-press-622.jpg ရန်ကုန်မြို့က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးမှာ ဇူလိုင်လ ၂၉ ရက်နေ့က ဆရာ၊ ဆရာမတွေ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
Photo: Thant Zin Oo/RFA

အလုပ်မရရှိသေးတဲ့ ဆရာအတတ်သင် သင်တန်းအောင်မြင်ပြီးတဲ့ ဆရာ/ ဆရာမတွေကိစ္စကို သက်ဆိုင်ရာ ဝန်ကြီးဌာန တာဝန်ရှိသူတွေအနေနဲ့ လာမယ့် သြဂုတ်လ ၄ ရက်နေ့ နောက်ဆုံးထားပြီး တွေ့ဆုံဖြေရှင်းပေး ဖို့ တောင်းဆိုလိုက်ပါတယ်။

စစ်ကိုင်းပညာရေးတက္ကသိုလ် အပတ်စဉ် ၁၂ ကနေ ဘွဲ့ရထားတဲ့ ဆရာကိုကောင်းကြွယ်က ဆရာအတတ်သင် သင်တန်းဆင်း ဆရာ၊ ဆရာမတွေကို အလုပ်ခန့်အပ်ဖို့ အစိုးရက ဘတ်ဂျက်လျာထားမှု မရှိသေးဘူးဆိုတာကို မကျေနပ်ဘူးလို့ ပြောပါတယ်။

"ဟုတ်ကဲ့ခင်ဗျာ  ကျနော်တို့ အလုပ်မရသေးတာဟုတ်ပါတယ် အလုပ်မရသေးလို့ ကျနော်တို့ သိရသလောက်ကတော့ ဘတ်ဂျတ်မရှိလို့ပေါ့၊ လစ်လပ်တွေအတွက်ပဲ နေရာခန့်ထားဖို့ရှိတယ်၊  ကျနော်တို့အတွက် BEd ဆင်းတွေအတွက် ဘတ်ဂျတ်ရာထားခြင်းမရှိဘူး၊  နောက်နှစ်မှ စတင်လျာထားရမယ်လို့ ကျနော်တို့ အခိုင်အမာသတင်းရထားလို့  ကျနော်တို့ မခံမရပ်တဲ့အနေနဲ့ စတင်လှုပ်ရှားမှုတွေလုပ်ဆောင်ခဲ့တာ''

ရန်ကုန်၊ စစ်ကိုင်း ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂနဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများ ပါဝင်တဲ့ ပူးပေါင်းကော်မတီက ဆရာ/ ဆရာမ ၂ဝ ခန့်ဟာ ဒီကနေ့ ရန်ကုန်မြို့က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လာမယ့် သြဂုတ်လ ၄ ရက်နေ့ နောက်ဆုံးထား ဖြေရှင်းပေးခြင်းမရှိရင် ပထမအဆင့် အနေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြသွားမှာ ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြပါတယ်။

၂ဝ၁၆ -၂ဝ၁၇ ခုနှစ်ထဲ မြန်မာတစ်နိုင်ငံလုံးက ပညာရေးတက္ကသိုလ်နဲ့ ကောလိပ်တွေကနေ ဆရာအတတ်သင် ပညာသင်တန်းပြီးဆုံးထားတဲ့ ဆရာ/ဆရာမ ၇ ထောင်လောက်ကို ကျောင်းတွေဖွင့်ပြီးချိန်အထိ အစိုးရက အလုပ်မခန့်သေးတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဆရာ/ဆရာမတွေဟာ ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး အစိမ်းရောင်ဖဲကြိုးလှုပ်ရှားမှု စတင်ခဲ့တဲ့အပြင် လုပ်ငန်း ခွင်ဝင်ရောက်ရမယ့်နေ့အတိအကျ တရားဝင်ထုတ်ပြန်ဖို့၊ နစ်နာသွားတဲ့ လုပ်သက်တွေကို ဝန်ထမ်းလုပ်သက်အဖြစ် ထည့်သွင်းပေးဖို့နဲ့ နောက်နှစ်တွေမှာလည်း ပညာသင်နှစ်မစတင်ခင် လုပ်ငန်းခွင်ဝင်နိုင်ရေး ဆောင်ရွက်ပေးဖို့ စတဲ့အချက် ၃ ချက်ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေထံ တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပညာရေးတက္ကသိုလ်နဲ့ ကောလိပ်ကျောင်း ၂၆ ကျောင်းရှိပြီး အဲဒီကျောင်းတွေမှာ ၅ နှစ် တက်ရတဲ့ ပညာရေးဘွဲ့၊ ၁ နှစ်တက်ရတဲ့ ဘွဲ့လွန်မာတီမီဒီယာ အတတ်ပညာဒီပလိုမာဘွဲ့၊ ၂ နှစ်တက်ရတဲ့ ဆရာအတတ်သင် ဒီပလိုမာဘွဲ့နဲ့ ၄ လတက်ရတဲ့ လုပ်ငန်းခွင် မူလတန်းဆရာ အတတ်သင် သင်တန်းတွေဖွင့်လှစ်သင်ကြားပေးနေ တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။