စစ်ကောင်စီကို မထောက်ပံ့ဖို့ တရုတ်နိုင်ငံကို အဖွဲ့အစည်း ၂၅၅ ဖွဲ့ အိတ်ဖွင့်ပေးစာပို့

RFA Burmese
2023.12.17
စစ်ကောင်စီကို မထောက်ပံ့ဖို့ တရုတ်နိုင်ငံကို အဖွဲ့အစည်း ၂၅၅ ဖွဲ့ အိတ်ဖွင့်ပေးစာပို့ စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေနှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့အား ပေကျင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
Ministry of Foreign Affairs Myanmar

တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီ သက်ဆိုးရှည်နိုင်တဲ့ လုပ်ရပ်တွေကို မလုပ်ဖို့နဲ့ မြန်မာပြည်သူလူထုရဲ့ သဘောဆန္ဒကို အလေးထားဖို့ လူထုအခြေပြုနဲ့ တော်လှန်ရေးအဖွဲ့အစည်း ၂၅၅ ဖွဲ့က တရုတ်နိုင်ငံကို အိတ်ဖွင့်ပေးစာပေးလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံရေး၊ စစ်ရေးအရ ကူညီအားပေး ထောက်ခံတာ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေကို စစ်အုပ်စုနဲ့ မဖြစ်မနေ စေ့စပ်ဆွေးနွေးကြဖို့ အကြပ်ကိုင်ဖိအားပေးတာတွေဟာ စစ်အုပ်စုကို သက်ဆိုးရှည်နိုင်တဲ့ လုပ်ရပ်တွေဖြစ်တာကြောင့် တရုတ်နိုင်ငံအနေနဲ့ အဲဒီကိစ္စတွေမလုပ်ဖို့ ဒီဇင်ဘာ ၁၇ ရက်နေ့က အိတ်ဖွင့်ပေးစာမှာ ပြောထားပါတယ်။

ဒီတောင်းဆိုချက်တွေကို အလေးမထားဘဲ တရုတ်နိုင်ငံအနေနဲ့ စစ်အုပ်စု သက်ဆိုးရှည်ရေး၊ အာဏာတည်မြဲရေးအတွက် ထောက်ခံပံ့ပိုးတာတွေ ဆက်လုပ်နေမယ်ဆိုရင် မြန်မာပြည်သူလူထုအနေနဲ့လည်း တုံ့ပြန်ဆောင်ရွက်သင့်တာတွေကို ဆက်လုပ်သွားမယ်လို့လည်း ပြောထားပါတယ်။

စစ်အုပ်စုကို ခုခံတော်လှန်နေတဲ့လုပ်ရပ်တွေကို ရပ်တန့်ဖို့နဲ့ တွေ့ဆုံဆွေးနွေးကြဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တရုတ်နိုင်ငံတာဝန်ရှိသူတွေက ဖိအားပေး တောင်းဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေကိုလည်း မြန်မာပြည်သူတွေက အလွန်ပဲ ဒေါသထွက်နေတယ်လို့ အိတ်ဖွင့်ပေးစာမှာ ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ လက်ရှိဆောင်ရွက်နေတဲ့ စစ်အာဏာရှင်တော်လှန်ရေးဟာ အနောက်နိုင်ငံတွေ အပါအဝင် ကမ္ဘာ့နိုင်ငံရေးအုပ်စုတွေရဲ့ အလိုကျ ကြိုးဆွဲမှု၊ လှုံ့ဆော်မှုတွေကြောင့် လုံးဝ (လုံးဝ) မဟုတ်တဲ့အပြင် တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံ ကမ္ဘာနိုင်ငံတစ်ရပ်ရပ်ရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေတာတွေ မဖြစ်စေရဘူးလို့လည်း ပြောထားပါတယ်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ပြည်သူလိုလားလက်ခံတဲ့ ပြည်သူ့ကိုယ်စားပြု ဒီမိုကရေစီ အစိုးရစနစ် ပေါ်ထွန်းရေးနဲ့ လူမျိုးပေါင်းစုံ တန်းတူရည်တူရှိတဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ရေးကို ဦးတည်ဖော်ဆောင်နေတာလို့ ဆိုပါတယ်။

ဒီအိတ်ဖွင့်ပေးစာပါတောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ တုံ့ပြန်ချက်ရဖို့ RFA က ကြိုးစားနေပါတယ်။

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB အပါအဝင် လူထုအခြေပြုနဲ့ တော်လှန်ရေးအဖွဲ့အစည်း ၂၅၅ ဖွဲ့ရဲ့ အိတ်ဖွင့်ပေးစာကို တရုတ်သမ္မတ ရှီကျင့်ဖျင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တရုတ်နိုင်ငံ ပြည်သူတွေကို လိပ်မူပေးပို့ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။