ကန့်ဘလူနဲ့ မြင်းခြံမှာ စစ်ကောင်စီနဲ့ ဆက်စပ်သူ ခြောက်ဦး သတ်ဖြတ်ခံရ
2023.03.13

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ အပါအဝင် စစ်ကောင်စီနဲ့ ဆက်စပ်သူခြောက်ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ နဂါးပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်အောင်၊ ဦးအုန်းကြိုင်နဲ့ ဦးထွန်းညွှန့်တို့ကို မတ်လ ၁၁ ရက် မနက်ပိုင်းက သူတို့ရဲ့ နေအိမ်တွေထဲကို လက်နက်ကိုင်ထားတဲ့လူ ၂၀ နီးပါးက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် နေအိမ်မှာပဲ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ မြင်းခြံမြို့နယ်၊ ကျီးပင်ကန်ရွာက စစ်ကောင်စီနဲ့ ဆက်စပ်သူတွေဖြစ်တဲ့ ကျေးရွာမီးလင်းရေး ကော်မတီဝင် ဒေါ်ခင်အေး၊ ဦးကျော်ဌေးနဲ့ ဦးညွှန့်ဇော်တို့ကို မတ်လ ၁၂ ရက် နေ့လယ်ပိုင်းမှာ လက်နက်ကိုင်လူတစ်စုက ကျီးပင်ကန်ရွာရဲ့ မြောက်ဘက်ကို ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ် ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ စစ်ကောင်စီတပ်ကို သတင်းပေးနေသူတွေဖြစ်တယ်လို့ မြင်းခြံမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။
"PDF ကသတ်တာလား၊ စကစက သတ်တာလား ဆိုတာတော့ သေချာမသိဘူး။ ဒါပေမယ့် စကစ လက်အောက်ခံ ထွေအုပ်တွေနဲ့ ပူးပေါင်းဆောင်ရွက် နေတာတော့ သူတို့အဖွဲ့ပဲ။ ကျေးရွာမီးလင်းရေးလို့ ခေါင်းစဉ်တပ်ပြီး ထွေအုပ်ရုံးထဲက တံခါးမရှိ၊ ဓားမရှိ ဝင်ထွက်နေကြတာပေါ့။ အခုနောက်ပိုင်းလည်း ရွာတွေထဲမှာ နိုင်ငံရေးပိုစ့်လေး ရှယ်မိရင်တောင် ကြက်ကလေး၊ ငှက်ကလေး ဖမ်းသလို အဖမ်းခံနေရတာ စိတ်လာ တာပေါ့။ ဒါက အတိအကျ သတင်းပေးနေတဲ့ နယ်မြေခံတွေရှိလို့ ဖြစ်လာတဲ့ကိစ္စပေါ့"
ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာ ဦးခေါင်း၊ နဖူးနဲ့ ရင်ဘတ်တွေကို ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ဆက်နွယ်တဲ့ အရပ်သားတွေကို ဘယ်သူတွေက သတ်ဖြတ်နေတယ်ဆိုတာကို RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက ပြောရေးဆိုခွင့်ရှိသူတွေကို RFAက မတ်လ ၁၃ ရက် ဒီကနေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်မှာပြုလုပ်တဲ့ ကာလုံအစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌ က အာဏာသိမ်းပြီးနောက်ပိုင်း PDF တွက တိုက်ခိုက်တာကြောင့် အစိုးရဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေ အပါအဝင် စုစုပေါင်း သေဆုံး ၅,၄၄၃ ဦးရှိပြီး ဒဏ်ရာရ ၄,၅၇၇ ဦး ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။