အခြေခံပညာကျောင်းတွေ ကျောင်းအပ် စလက်ခံပေမယ့် လာအပ်သူနည်းပါး

ကိုဂျေ (ဝါရှင်တန် ဒီစီ)
2021.05.24
အာဏာသိမ်း စစ်ကောင်စီက တစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာကျောင်းတွေကို လာမယ့် ဇွန်လဆန်းမှာ ဖွင့်လှစ်နိုင်ဖို့အတွက်၊ ဒီကနေ့ မေလ ၂၄ ရက်မှာ စပြီး ကျောင်းအပ် လက်ခံလိုက်ပေမယ့် ကျောင်းလာအပ်သူ မရှိသလောက် နည်းနေတယ်လို့ ရန်ကုန်က အခြေခံပညာကျောင်းတွေကို စောင့်ကြည့်နေတဲ့ “အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂအဖွဲ့” တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
"ရန်ကုန်ကလည်း တချို့ကျောင်းတွေမှာ တစ်ယောက်စ နှစ်ယောက်စလောက်ပါပဲ။ တစ်ကျောင်းကိုမှ ဆယ်ဂဏန်းလောက်ပဲ လာအပ်တာကို တွေ့ရတယ်။ စစ်ကောင်စီ အနေနဲ့ကတော့ အတင်းအကျပ်ဖွင့်ဖို့ ကြိုးစားနေတာပဲ။ ဖွင့်နိုင်မယ် မဖွင့်နိုင်ဘူး ဆိုတာကတော့ အခုလက်ရှိ ဆရာ၊ ဆရာမ အင်အားက ထုတ်ပယ်ထားတာကလည်း အများကြီးရှိနေတယ်။ သင်ကြားရေးကတော့ ကျောင်းထဲမှာရှိတဲ့ လက်ရှိ ဆရာ၊ ဆရာမနဲ့တော့ သင်ကြားရေးလုပ်ဖို့ အဆင်မပြေနိုင်ဘူး။ အထူးသဖြင့် လှိုင်သာယာမြို့နယ်လို ကျောင်းသား အရမ်းများတဲ့ နေရာတွေမှာဆို ပိုဆိုးတယ်။ ဘယ်လိုနည်းနဲ့မှ ကျောင်းဖွင့်ဖို့ အဆင် မပြေနိုင်ဘူး။ ဖွင့်ရင်တောင် ရုပ်ပြသက်သက် ဖွင့်ရုံလောက်ပဲ ရှိမယ်လို့ ထင်တယ်။"
 
မိသားစု စားဝတ်နေရေး အဆင်မပြေလို့ CDM လှုပ်ရှားမှုမှာ မပါဝင်ဘဲ၊ ဒီနေ့ ရန်ကုန် တောင်ဥက္ကလာပ မြို့နယ်က မူလတန်းကျောင်းတစ်ခုမှာ ကျောင်းအပ်လက်ခံနေတဲ့  အမည်မဖော်လိုတဲ့ ဆရာမ တစ်ယောက် ကလည်း သူတို့ ကျောင်းမှာ ကျောင်းလာအပ်တဲ့ ကျောင်းသားဦးရေ သုံးယောက်ပဲ ရှိသေးတယ်လို့ RFA ကို ပြောပါတယ်။
 
"အခု အခြေအနေ အရဆိုရင်တော့ ကျောင်းက သုံး၊ လေးယောက်လောက်ပဲ လာအပ်သေးတယ်။ အခု ကျွန်မတို့ စောင့်ကြည့်နေတာကတော့ အဲလောက်ပဲရှိတယ်။ ကျောင်းရဲ့ လုံခြုံရေးကိုတော့ ရပ်ကွက်က လုံခြုံရေးတွေ ချထားတယ်။ စစ်သားတွေကတော့ လှည့်ပြီးတော့ ကြည့်တာလည်း ရှိပါတယ်။"
 
အဲဒီ မူလတန်းကျောင်းမှာ ကျောင်းသားဦးရေ ၂၀၀ နီးပါးရှိပေမယ့်၊ ဒီနေ့ ကျောင်းလာအပ်သူ သုံးဦးပဲရှိပြီး၊ ကျောင်းလာအပ်ချိန်မှာ အဖြူအစိမ်း ကျောင်းဝတ်စုံနဲ့မဟုတ်ဘဲ၊ ပြင်ပဝတ်စုံဝတ်ပြီး ကျောင်းလာအပ်ကြတယ် လို့လည်း အဲဒီဆရာမက ပြောပါတယ်။
 
မြန်မာနိုင်ငံမှာ နှစ်စဉ် ဇွန်လ ၁ ရက်နေ့ဟာ တစ်နိုင်ငံလုံးက အခြေခံပညာကျောင်းတွေ စာသင်နှစ်သစ် တစ်နှစ်ကို စတင်ဖွင့်လှစ်တဲ့ အချိန် ဖြစ်ပါတယ်။
 
မိသားစုမှာ ဆယ်တန်းနဲ့ ခြောက်တန်းကို တက်ရောက်သင်ကြားရမယ့် ကျောင်းသား နှစ်ဦးရှိပေမယ့် စစ်အာဏာရှင် လက်အောက်က ပညာရေးစနစ်ကို မယုံကြည်လို့၊ ကျောင်းသွား မအပ်ဘူးလို့ မန္တလေး ချမ်းမြသာစည်မြို့နယ်က မိသားစုဝင်တစ်ဦးက ပြောပါတယ်။
 
“မအပ်ဘူးဗျ၊ အိမ်မှာဆိုရင် ဆယ်တန်းတက်ရမယ့် ညီငယ်တစ်ယောက်ရှိတယ်။ ခြောက်တန်း တက်ရမယ့် ညီငယ်တစ်ယောက်ရှိတယ်။ ကျွန်တော်ကတော့ မအပ်ဘူး။ မအပ်ဖို့လည်း ဆုံးဖြတ်ထားတယ်။ မိဘတွေကို ဖိအားပေးတာတွေရှိတယ်လို့ ကြားတယ်။ အဲလို ဖြစ်မှာစိုးလို့လည်း အမေတို့ အဖေတို့ အပါအဝင် မိသားစုတွေ ညီတွေ ညီမတွေကိုတော့ ရွာဘက်ပို့ထားတယ်။ ဆရာဝန်နဲ့ ဆရာမတွေကိုတောင် အကြမ်းဖက် ဖမ်းပြီး ထောင်ချတာတွေတောင်ရှိတယ်။ ပညာသင်ပေးနေတဲ့ ဆရာ၊ ဆရာမ တွေကိုတောင် ဒီလို အကြမ်းဖက် ဖမ်းနေတဲ့အချိန်မှာ သူတို့ လက်အောက်မှာဆိုရင်တော့ ဒီပညာရေးဆိုတာ ဘာမှ မထူးမခြား ဖြစ်သွားမှာပဲ။”
 
မန္တလေး၊ ချမ်းမြသာစည် မြို့နယ်တစ်ခုလုံးက ကျောင်းတွေမှာ၊ ကျောင်းလာအပ်သူ မရှိသလောက် နည်းနေတယ်လို့လည်း သူက ပြောပါတယ်။
 
အခြေခံပညာကျောင်းပေါင်း သုံးရာကျော်ရှိတဲ့ ပဲခူးတိုင်း၊ ပဲခူးမြို့နယ်မှာလည်း ဒီနေ့ ကျောင်းလာအပ်သူ အရေအတွက် မရှိသလောက်နည်းနေပြီး၊ ရာခိုင်နှုန်းအားဖြင့် ကျောင်းလာအပ်သူ ၁၀ ရာခိုင်နှုန်းခန့်ပဲ ရှိတယ်လို့ ပဲခူးမြို့ က “မြန်မာနိုင်ငံလုံးဆိုင်ရာ အခြေခံပညာဆရာ၊ ဆရာမများ သမဂ္ဂအဖွဲ့ချုပ်” အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
 
"ပဲခူးမြို့နယ် အခြေခံပညာ  ဒီနေ့ကျောင်းလာအပ်သူ ၁၀ ရာခိုင်နှုန်းခန့်ပဲရှိတယ်။ ဒီအချိန်ထိ စောင့်ကြည့် စုံစမ်းရသလောက် စစ်ကောင်စီဘက်က ကလေးတွေပဲ အပ်တာပေါ့နော်။ အ.ထ.က ကျောင်းကြီးတွေ လိုက်စုံစမ်းတဲ့အချိန် ဒီနေ့ ၁၁ နာရီ လောက်ထိ အနှစ်ချုပ်လိုက်ရင်၊ အထက်တန်းဆိုရင် တချို့ကျောင်းက နှစ်ယောက်၊ တချို့ကျောင်းက သုံးယောက် အဲလောက်ပဲ။"
 
ပဲခူးမြို့နယ်မှာ လုံးဝဖွင့်လို့မရတဲ့ ရာနှုန်းပြည့် CDM လုပ်ထားတဲ့ ကျောင်း ၁၀ ကျောင်းခန့် ရှိတယ်လို့လည်း အဲဒီအဖွဲ့ဝင်က ပြောပါတယ်။
 
စစ်ကိုင်းတိုင်းထဲက ရေဦး၊ ရွှေဘို၊ ခင်ဦး မြို့နယ်တို့က  အခြေခံပညာ အထက်တန်းကျောင်းတွေမှာလည်း ဒီနေ့ ကျောင်းအပ် လက်ခံခဲ့ပေမယ့် ကျောင်းလာအပ်သူ မရှိသလောက် နည်းနေတယ်လို့ စောင့်ကြည့် လေ့လာသူ တစ်ဦးက ပြောပါတယ်။ ကျောင်းပြန်ဖွင့်မယ့် ဇွန်လ ၁ ရက်နေ့မှ ကျောင်းတက်မယ့် ကျောင်းသား ရာခိုင်နှုန်း အသေးစိတ်ကိုတော့ စောင့်ကြည့်ရမယ်လို့ သူက ဆိုပါတယ်။
 
ဒီကနေ့ ကျောင်းအပ်လက်ခံတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ် သိနိုင်ဖို့အတွက် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်ကျ ဝန်ထမ်းတစ်ဦးက အခြေခံပညာ ဦးစီးဌာနကို တိုက်ရိုက်ဆက်သွယ်ပါလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
 
နေပြည်တော်ရှိ အခြေခံပညာဦးစီးဌာန ဖုန်းနံပါတ်တွေကို RFA က ထပ်မံ ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေကြားမယ့်သူ မရှိပါဘူး။
 
အာဏာသိမ်း စစ်ကောင်စီက အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်တဲ့ အခြေခံပညာ ဆရာ၊ ဆရာမတွေကို ပြီးခဲ့တဲ့ မတ်လကတည်းက ဆက်တိုက် ဖိအားပေးနေရာကနေ၊ အခု မေလထဲမှာတော့ တစ်နိုင်ငံလုံးက အခြေခံပညာ CDM ဝန်ထမ်း တစ်သိန်းနှစ်သောင်းကျော်ကို အလုပ်ရပ်နားခဲ့ပါတယ်။
 
ပုံမှန် အနေအထားမှာတောင် ပညာရေးဝန်ထမ်း လုံလောက်မှု မရှိချိန်မှာ၊ လက်ရှိ ပညာရေးဝန်ထမ်း အင်အားနဲ့ ဘယ်လိုမှ ကျောင်းပြန်ဖွင့်နိုင်မှာ မဟုတ်ဘူးလို့ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ အထက်တန်းပြ ကျောင်းဆရာ တစ်ဦးက ပြောပါတယ်။
 
"ကျောင်းကလည်း ပြောမယ့်သာ ပြောနေတာပါ။ ဘယ်လို အနေအထားနဲ့ ဖွင့်မလဲသူတို့။ ကလေးတွေ တက်ချင်အောင် မိဘတွေက လွှတ်မှ။ မိဘတွေက လွှတ်ရင်တောင် ဆရာတွေက ရှိမှ၊ ကလေးတွေ ကလည်း သွားချင်မှ သွားမှာ။ ဒီခေတ်ကလေးတွေက မညံ့တော့ဘူး။ မိဘတွေကလည်း မလွှတ်တဲ့ မိဘတွေများတယ်။ ဆရာ၊ ဆရာမတွေကလည်း ကလေးတွေ ကျောင်းတွေကို ဘယ်လောက်ပဲ ချစ်ချစ် ကျွန်ခေတ်မှာတော့ လူရာ မဝင်ချင်ကြဘူး။ ကျောင်းကိုလည်း ဘယ်သူမှ ရောက်လာမှာ မဟုတ်ဘူး။ ဘယ်သူမှ မရောက်တဲ့အတွက် ဘယ်လိုနည်းနဲ့မှ ဖွင့်နိုင်မယ်လို့ မထင်ဘူး။"
 
ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းပြီးနောက် မြန်မာနိုင်ငံက ဆရာ၊ ဆရာမတွေနဲ့ ကလေးတွေရဲ့ ပညာရေး အခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်နေတဲ့၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဥ်ကျေးမှုအဖွဲ့  UNESCO၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF နဲ့ Save the Children အဖွဲ့တို့ကလည်း “ကိုရိုနာ ကပ်ရောဂါ ကြောင့် တစ်နှစ်ကျော်ပိတ်ထားရတဲ့ မြန်မာနိုင်ငံက စာသင်ကျောင်းတွေမှာ၊ အတွေ့အကြုံရှိတဲ့ အခြေခံပညာ ဆရာ၊ ဆရာမ တစ်သိန်းနှစ်သောင်းကျော်ကို စစ်ကောင်စီက အလုပ် ဖြုတ်လိုက်တဲ့အတွက် မြန်မာ့ပညာရေး အခြေအနေဟာ ပိုဆိုးလာနိုင်ကြောင်း၊ အဲဒီအတွက် တစ်နိုင်ငံလုံးက ကလေး ၁၂ သန်းကျော် ပညာသင်ခွင့် ဆုံးရှုံးနိုင်ကြောင်းနဲ့ ဒီအခြေနေကို လုံးဝ လက်မခံနိုင်ကြောင်း” မေလ ၂၀ ရက်နေ့က  ပူးတွဲ ကြေညာချက် ထုတ်ပြီး သတိပေးခဲ့ပါတယ်။
 
ပြည်သူကို ဖိနှိပ်သတ်ဖြတ်တဲ့ စစ်ကောင်စီလက်ထက် ပညာရေးဟာ၊ လုံးဝအောင်မြင်မှာ မဟုတ်တဲ့အတွက် တိုင်းရင်းသားတွေ အတွက်ပါ အဓိကထားတဲ့၊ ဖက်ဒရယ်ပညာရေးကို စီစဥ်နေတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောပါတယ်။
 
“စစ်ကောင်စီ ပညာရေးက ဖြစ်လာမယ်လို့ကို မထင်တာ၊ စစ်ကောင်စီ ပညာရေးဆိုတာ ရှိလာမှာလည်း မဟုတ်ဘူး၊ ဒါက မထူးဆန်းဘူးဗျ၊ တကယ်တော့ စဥ်းစားကြည့်ပေါ့၊ ကျနော်တို့ ၁၉၆၂ အာဏာသိမ်းတယ်၊ စစ်တပ်အုပ်ချုပ်တယ်၊ ကွန်မြူနစ်နဲ့ ဒီ Military နဲ့ လုံးလည်လိုက်နေလို့ ကျနော်တို့ ပညာရေးက ဘယ်နေရာ ရောက်နေလဲဆိုတာ အသိသာကြီး၊ ကမ္ဘာပေါ်မှာ ကျနော်တို့ ဘယ်နေရာကနေ ဘယ်နေရာထိ ထိုးဆင်းသွား လည်းဆိုတာ လူတိုင်းသိတယ်၊ ကျနော်တို့က Immediate Health Care လုပ်သလို၊ Immediate Education ကို Plan  လုပ်နေတယ်၊ နှစ်ပတ်လောက်ဆို ကျနော်တို့ ဒါကို ကြေငြာပြီး လုပ်တော့မယ်။”
 
အဲဒီ ချက်ချင်းလုပ်ဆောင်မယ့် အရေးပေါ်  ပညာရေးစီမံချက်မှာ Ethnic Education Organization(EEO) လို့ခေါ်တဲ့ တိုင်းရင်းသားတွေအတွက် ပညာရေးအဖွဲ့ ဆိုတာကို ဖွဲ့စည်းထားတယ်လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေး ဒုဝန်ကြီးဆိုရင် ကချင်ပြည်နယ်ထဲမှာ ဖွင့်ထားတဲ့ တိုင်းရင်းသား ပညာရေးကျောင်းတွေမှာ ပညာသင်ယူခဲ့သူ ဖြစ်တယ်၊ အဲဒီ အတွေ့အကြုံတွေနဲ့ ပေါင်းပြီး မြန်မာပြည်က ကလေးငယ်တွေ ပညာရေး စဥ်ဆက်မပြတ် သင်ကြားနိုင်ဖို့အတွက် စီစဥ်ထားတယ်လို့လည်း ဒေါက်တာ ဇော်ဝေစိုးက ဆိုပါတယ်။
 
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီထဲမှာ ဖက်ဒရယ်ပညာရေးအဖွဲ့ကို နိုင်ငံတကာ ကျွမ်းကျင် သူတွေ၊ မြန်မာ့ပညာရေးအကြောင်း ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားပြီး မြန်မာပြည်ရဲ့ ပညာရေးကို နွေဦးတော်လှန်ရေးနဲ့အတူ ပြောင်းလဲပစ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
 
ဒီကနေ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စပြီးကျောင်းအပ် လက်ခံတဲ့နေ့မှာပဲ၊ ဒေသအသီးသီးက ကျောင်းသူ ကျောင်းသားတွေနဲ့၊ မိဘပြည်သူတွေကလည်း ကျောင်းမအပ်ရေးနဲ့  စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြို့ကြီး အတော်များများမှာ ဆန္ဒပြခဲ့တာကို မြင်တွေ့ရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။