လှိုင်သာယာ နဝဒေးဥယျာဉ်အိမ်ယာရှေ့မှာ လယ်သမားတွေ ဆန္ဒပြ
2014.04.26

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က နဝဒေးဥယျာဉ် အိမ်ယာမြေနေရာဟာ အရင်က လယ်သမားတွေ လုပ်ကိုင်စားသောက်ခဲ့တဲ့ လယ်ယာမြေတွေကို သိမ်းခဲ့ပြီး ဆောက်လုပ်တာဖြစ်တဲ့ အတွက် လျော်ကြေးပေးဖို့ ဒီနေ့ လယ်သမား ၆၀ လောက်က နဝဒေးဥယျာဉ်အိမ်ရာရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
ဒီနှစ်ထဲ နိုင်ငံပိုင်သတင်း စာတွေထဲမှာ အသိမ်းခံထားရဲ့လယ်သမားတွေရဲ့လယ်တွေကို စိစစ်ပြီး ပြန်လည်ပေးမယ်လို့ ပါရှိလာတာကြောင့် အခုလိုဆန္ဒပြတောင်းဆိုရတာဖြစ်တယ်လို့ လယ် ၁၄ ဧက ပိုင်ဆိုင်ခဲ့တဲ့ ဆန္ဒပြ လယ်သမား ဦးသိန်းမိုးက ပြောပါတယ်။
"၁၉၉၁-၁၉၉၂ စစ်အစိုးရလက်ထက်တုန်းက အိုးအိမ်မြေဆိုတော့ ကျနော်တို့ကဘယ်ပြောရဲမလဲ၊ သိမ်းတာတောင်မှ မဖယ်လို့ရှိရင် ကျနော်တို့ကို ဖမ်းမယ်ဆိုပြီးပြောတာ၊ အခု ၄ လပိုင်း ၅ ရက်နေ့တုန်းက သတင်းစာထဲမှာ ပြည်သူ့လွှတ်တော်အမတ်နဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ တိုင်ပင်ပြီးတော့ လယ်သမားတွေကို ညှိနှိုင်းပေးပါ နစ်နာကြေးပေးမယ်၊ လျော်ကြေးပေးမယ် တောင်းဆိုလို့ရတယ်ဆိုလို့ ကျနော်တို့က အများကိုလိုက်လေ့လာပြီးတော့လုပ်ရတာ၊ ကျနော်တို့အသိဉာဏ်နဲ့ ဆန္ဒပြတာ"
အဲဒီ လယ်မြေနေရာတွေကို စစ်အစိုးရလက်ထက် ၁၉၉၁ ခုနှစ်လောက်က အိုးအိမ်ဦးစီးဌာနက သိမ်းယူခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် နစ်နာကြေးရရှိဖို့ ဧပြီ ၂၅ရက်နေ့ကစပြီး နဝဒေးဥယျာဉ်အိမ်ယာရှေ့မှာ အိုးအိမ်ဦးစီးဌာနနဲ့ နဝဒေးဥယျာဉ်အိမ်ရာ စီမံကိန်းဆောက်လုပ်နေတဲ့ ချင်စုမေဖလားဝါးကုမ္ပဏီကို ဆန္ဒပြကြတာဖြစ်ပါတယ်။
လှိုင်သာယာ နဝဒေးဥယျာဉ်အိမ်ယာမြေနေရာဟာ ၁၉၉၁ခုနှစ်မတိုင်ခင်က သာယာကုန်းကျေးရွာနဲ့ ရေဥက္ကံကျေးရွာက လယ်သမား ၂၇ ဦးပိုင်ဆိုင်တဲ့ ဧက သုံးရာဝန်းကျင်ရှိ လယ်ယာမြေတွေ ဖြစ်ပါတယ်။
ဒီအကြောင်း RFAသတင်းထောက် မရတနာဦး တင်ပြထားတာ နားဆင်နိုင်ပါတယ်။