မကွေးတိုင်း NLD ကိုယ်စားလှယ်ကို ပြည်ခိုင်ဖြိုး ဦးလှဆွေ တရားစွဲ


2015.12.14
hlaswe-usdp-candidate-620.JPG ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဦးလှဆွေ အောက်တိုဘာလ ၂၁ ရက်နေ့က မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မောက်လင်းကျေးရွာမှာ မဲဆွယ်စဉ်
ဓါတ်ပုံ - ငယ်ထွေး/RFA

မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၂ မှာ အနိုင်ရရှိထားတဲ့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဦးပြူးလွင်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးလှဆွေက အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆို ထားတာကြောင့် ဂန့်ဂေါခရိုင်တရားရုံးမှာ အမှုရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်တုန်းက အန်အယ်လ်ဒီပါတီရဲ့ မကွေးတိုင်း ရွေးကောက်ပွဲ အောင်နိုင်ရေး ကိုယ်စားလှယ်က ဦးလှဆွေကို ပုတ်ခတ်ပြောဆိုတာ၊ ဂန့်ဂေါမြို့နယ်မှာ သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်လောက်က တောင်သူတွေ ဆန္ဒပြတောင်းဆိုတာကို ထောက်ခံချက်ပေးတာ စတဲ့ အချက်တွေကြောင့် အသရေဖျက်မှုနဲ့ တရားစွဲခံရတာဖြစ်တယ်လို့ အန်အယ်လ်ဒီပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပြူးလွင်က ပြောပါတယ်။

"ပြီးခဲ့တဲ့ ၂ဝ၁၂ က တစ်ကြိမ်ပေါ့ဗျာ၊ ၂ဝ၁၃ တုန်းက တစ်ကြိမ်၊ အဲ့အချိန်တုန်းက တောင်သူတွေပေါ့ သူတို့မြေယာတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်က ထောက်ခံချက်ပေးတာကို အခု အောက်တိုဘာလ ၁၆ ရက်နေ့က ရွေးကောက်ပွဲကာလနီးမှ သူ့ကိုအသရေဖျက်မှုနဲ့ ကျနော့်ကိုတရားစွဲပါတယ်၊ နောက်တစ်ခုက ကျနော့်ကိုယ်စားလှယ်မဟုတ်ဘဲနဲ့ ကိုယ်စားလှယ်လို့ ယုံပြီးတော့မှ ဦးဇော်ဝင်း စကားပြောမှားတယ် ဆိုပြီးတော့မှ သူ့ကိုအသရေဖျက်တယ်ဆိုပြီး ကျနော့်ကိုတရားစွဲတာဖြစ်ပါတယ်"

ဂန့်ဂေါမြို့နယ် မြောက်ခရမ်းကျေးရွာမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး အတွက် တောင်သူတွေက ဆန္ဒပြတောင်းဆိုရာမှာ အဲဒီအချိန်က ကျေးရွာရဲ့ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ဦးပြူးလွင်က အဲဒီလယ်ယာမြေတွေဟာ ဒေသခံတောင်သူတွေ ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်ခဲ့တဲ့ လယ်ယာမြေဖြစ်ကြောင်း ထောက်ခံချက်ရေးပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလယ်ယာမြေတွေကို လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက သိမ်းယူထားတာဖြစ်တယ် လို့လည်း တောင်သူတွေက ပြောပါတယ်။

ဦးပြူးလွင် ကို တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး ဒီလအတွင်း တရားရုံးချိန်း ၂ကြိမ် ခေါ်ယူခဲ့ပြီးဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ ၁၆ရက်နေ့မှာ ၃ကြိမ်မြောက် စစ်ဆေးမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။