မြို့တော်ခန်းမရှေ့မှာ အလုပ်သမားတွေ သပိတ်စခန်းဖွင့်


2013-09-23
Share
home-shine-305.jpg မြို့တော်မခန်းမရှေ့မှာ စက်တင်ဘာလ ၂၂ ရက်နေ့က သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေကြသော ဟုန်ရှင်းအအေးခန်းစက်ရုံမှ အလုပ်သမားများကို တွေ့ရစဉ်
photo: RFA/ Win Naing

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ တနင်္ဂနွေနေ့ နေလည်ပိုင်းကတည်းက ဆန္ဒပြနေကြတဲ့ ရန်ကုန်တိုင်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ဟုန်ရှင်းအအေးခန်းစက်ရုံက အလုပ်သမားတွေဟာ မိမိတို့အနေနဲ့ လျော်ကြေးမလိုပဲ အလုပ်သာပြန်ပေးဖို့ သပိတ်စခန်းဖွင့်ပြီး တောင်းဆိုနေကြပါတယ်။

ဟုန်ရှင်းအအေးခန်း စက်ရုံပိုင်ရှင်တွေက ပြီးခဲ့တဲ့စက်တင်ဘာလ ၁၂ ရက်နေ့က စက်ရုံကိုပိတ်လိုက်ပြီဖြစ်ကြောင်းပြောပြီး အလုပ်သမားတွေကို အလုပ်ထုတ်က ထုတ်ပစ်လိုက်တယ်လို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။

သပိတ်စခန်းမှာ ညအိပ်ဆန္ဒပြနေတဲ့ အလုပ်သမား ၁၀၀ ကျော်ထဲက အလုပ်သမတစ်ဦးက အလုပ်ရှင်ကပေးတဲ့ နစ်နာကြေးငွေကိုမယူဘဲ အလုပ်သာပြန်လိုချင်ကြောင်း ပြောပါတယ်။

တနင်္ဂနွေနေ့ညကနေ မနက်ပိုင်းအထိ ဆန္ဒပြနေတဲ့ ဟုန်ရှင်းအအေးခန်းစက်ရုံက အလုပ်သမားတွေကို အားပေးစကားပြောခဲ့ကြောင်း ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ပြောပါတယ်။

စက်ရုံပိတ်တဲ့အတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဌတွေ၊ အလုပ်သမားဦးစီးဌာန တာဝန်ရှိသူတွေဆီကို ဖြေရှင်းပေးဖို့ စာတင်ထားတယ်လို့လည်း သိရပါတယ်။

အလုပ်သမားတွေ အဆိုအရ ဟုန်ရှင်းစက်ရုံကို ပိတ်လိုက်တာမဟုတ်ပဲ တခြားအမည်တမျိုးနဲ့ ဆက်လက်လည်ပတ်နေပြီး အလုပ်သမားသမဂ္ဂဝင်တွေကို အလုပ်ဖြုတ်ချင်တာကြောင့် လျော်ကြေးပေးပြီး အလုပ်ထုတ်ခဲ့တာလို့ သိရပါတယ်။

စက်ရုံက အလုပ်သမားတစ်ဦးကို လုပ်သက်အလိုက် ၃ လကနေ ၅ လစာ အထိလျော်ကြေးပေးမယ်ပြောပြီး အလုပ်သမားတစ်ဦးကို နစ်နာကြေး ကျပ်တစ်သိန်းခွဲကနေ နှစ်သိန်းခွဲအထိ အလုပ်ရှင်ဘက်က ကမ်းလှမ်းတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဆန္ဒပြအလုပ်သမားတွေကတော့ လျော်ကြေးမယူကြဘူးလို့ သိရပါတယ်။

အလုပ်သမား သပိတ်စခန်းဖွင့်ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းမင်း ကို RFAအဖွဲ့သား ဦးဝင်းနိုင်က မြို့တော်ခန်းမရှေ့မှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့