ဆေးရုံဆေးခန်းတွေ တိုက်ခိုက်ခံရမှုကို တားဆီးအရေးယူဖို့ နိုင်ငံတကာကို NUG တိုက်တွန်း

RFA Burmese
2024.11.29
ဆေးရုံဆေးခန်းတွေ တိုက်ခိုက်ခံရမှုကို တားဆီးအရေးယူဖို့ နိုင်ငံတကာကို  NUG တိုက်တွန်း ချင်းပြည်နယ် ဖလမ်းမြို့နယ် လုမ်သဲကျေးရွာမှ ပြည်သူ့ဆေးရုံအား လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။
National Unity Government

ဆေးရုံ၊ ဆေးခန်းတွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ပြီး နိုင်ငံတကာအနေနဲ့ လျစ်လျူရှုမထားဘဲ ဖြစ်နိုင်တဲ့ နည်းလမ်းတွေသုံးပြီး တားဆီးအရေးယူဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းလိုက်ပါတယ်။

အခုလ ၂၆ ရက်နေ့ မနက် ၁၁ နာရီခွဲခန့်က ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုမ်သဲကျေးရွာက ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျန်းမာရေးဝန်ထမ်းနှစ်ဦးအပါအဝင် ဒေသခံ ခုနစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ NUG က နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဆေးရုံအဆောက်အအုံအပြင် အနီးနားဝန်းကျင်က နေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions)၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေအပါအဝင် လူသာချင်းစာနာထောက်ထားရေးနဲ့ လူအခွင့်အရေးဆိုင်ရာနိုင်ငံတကာဥပဒေတွေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်တာလို့ NUG က ပြောပါတယ်။

အသက်ကို ပဓာနမထားဘဲ ပြည်သူတွေရဲ့ကျန်းမာရေးကို စောင့်ရှောက်ပေးတဲ့ဝန်ထမ်းတွေနဲ့ သေဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ဝမ်းနည်းရကြောင်းနဲ့ တရားမျှတမှုရရေး ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

ချင်းပြည်နယ် မင်းတပ်၊ ဖလမ်းနဲ့ ထန်တလန်မြို့နယ်တွေမှာ အခုလနောက်ဆုံးအပတ်အတွင်း စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်နေတယ်လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းထားတဲ့ကာလအတွင်း ကျန်းမာရေးကဏ္ဍဆိုင်ရာ ဝန်ထမ်းတွေ၊ အဆောက်အအုံတွေ တိုက်ခိုက်ခံရတာ အကြိမ်တစ်ထောင့်တစ်ရာခန့်ရှိတယ်လို့ ဆွစ်ဇာလန်နိုင်ငံက Insecurity Insight ဆိုတဲ့ လူသားမျိုးနွယ်လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့က နိုဝင်ဘာလ ၁၅ ရက်နေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆေးရုံ၊ ဆေးပေးခန်းစတဲ့ ကျန်းမာရေးဆောက်အအုံတွေ ထိခိုက်ပျက်စီးတဲ့ အကြိမ်အရေအတွက်က ၁၈၀ ကျော်၊ သတ်ဖြတ်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း အနည်းဆုံး ၉၇ ဦး၊ ထိခိုက်ဒဏ်ရာရတဲ့သူ ၁၁၇ ဦးနဲ့ အဖမ်းခံရတဲ့သူက အနည်းဆုံး ၈၈၀ ရှိတယ်လို့ ပြောပါတယ်။

ဒါကြောင့် ပါဝင်ပတ်သက်နေကြတဲ့ အဖွဲ့အစည်းအားလုံးက နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို လိုက်နာဖို့၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေးအဆောက်အအုံတွေကို ကာကွယ်ပေးဖို့ တောင်းဆိုထားပြီး ဒါတွေကို ကျူးလွန်တဲ့သူက တာဝန်ယူရမယ်လို့ Insecurity Insight က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။